ရန်ကုန်၊ ဇန်နဝါရီ ၂၂
YBS ယာဉ်မောင်းများကို Smart Card ဖျက်သိမ်းခြင်းအပြင် ကညနယာဉ်မောင်းလိုင်စင်ကိုပါ အချိန်ကာလတစ်ခုသတ်မှတ်၍ ပိတ်သိမ်းအရေးယူမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော YBS ယာဉ်များ အချင်းချင်း ကျော်တက် မောင်းနှင်ကြခြင်း၊ လမ်းပြောင်းပြန် မောင်းနှင်ခြင်း၊ မီးနီဖြတ်သန်းမောင်းနှင်ခြင်း၊ သတ်မှတ်ကီလိုထက် မောင်းနှင်ခြင်းတို့ကို YRTC က လုံးဝခွင့် လွှတ်မည်မဟုတ်ကြောင်းနှင့် စည်းကမ်းမဲ့ ယာဉ်မောင်းများကို Smart Card ဖျက်သိမ်းခြင်းအပြင် ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေးကောင်စီမှ ကညနယာဉ်မောင်းလိုင်စင်ကိုပါ အချိန်ကာလတစ်ခု သတ်မှတ်၍ ပိတ်သိမ်းအရေးယူရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YRTC) မှ သိရသည်။
"မဆင်မခြင် မောင်းနှင်မှုကြောင့် YRTC မှ ယာဉ်မောင်း Smart Card ဖျက်သိမ်းခြင်းအပြင် ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးကောင်စီမှ ကညနယာဉ် မောင်းလိုင်စင်ကိုပါ အချိန်ကာလတစ်ခု သတ်မှတ်၍ ပိတ်သိမ်းအရေးယူရန် ဆုံးဖြတ်ထားပါတယ်။ POS ကတ်ဖြတ်စနစ်အား ပိတ်ထားသည့် ယာဉ်လိုင်းများအားလည်း ထိရောက်စွာ စစ်ဆေးအရေးယူနေ သလို YBS ယာဉ်မောင်းနှင်ခွင့် လျှောက်ထားရာတွင် ယာဉ်ကြီးမောင်းသင်တန်းတက်ရောက်ပြီးသူများ လည်း မူးယစ်ဆေးဝါးကင်းစင်ကြောင်း စစ်ဆေးမှုအောင်မြင်ပြီးမှသာ မောင်းနှင်ခွင့်ပြုသွားမှပါ။ YRTC က စောင့်ကြပ်အရေးယူရာမှာလည်း Traffic Control Center မှ နည်းပညာမြင့် Telematics စက်က CCTV record က မှတ်တမ်းစစ်ဆေးပြီး သက်သေခိုင်လုံစွာဖြင့် စစ်ဆေးကြပ်မတ်လျက် ရှိပါတယ်"ဟု YRTC ၏ ဒုတိယဥက္က ဋ္ဌ ဦးချစ်ကိုကိုက ပြောသည်။
အမှတ် (၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်တိုင်းဒေသကြီး)မှ တာဝန်ရှိသူကလည်း ယာဉ်တိုက်မှုဖြစ်စဉ် ဖြစ်ပွားရသည့် အကြောင်းအရင်းများနှင့် ရာဇသတ်ကြီးပုဒ်မများကို ယာဉ်မောင်းများအား ရှင်းလင်းပြောကြားထားကြောင်း သိရသည်။ YRTC အနေဖြင့် ယာဉ်စည်းကမ်းဖောက် ဖျက်သည့် (မီးနီဖြတ်၊ မဆင်မခြင်မောင်း၊ သတ်မှတ်လမ်းကြောင်း မမောင်း၊ အရှိန်ပြင်းမောင်း) ယာဉ်မောင်းများအား ယာဉ်စည်းကမ်းဆိုင်ရာ လိုက်နာရမည့် အချက်များ၊ YBS ယာဉ်မောင်းများ အများဆုံးစည်းကမ်း ဖောက်လေ့ရှိသည့် ပြစ်မှုများအပေါ် သုံးသပ်၍ လိုက်နာသင့်သည့် အချက်များ၊ ယာဉ်မတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ ပြစ်မှုပြစ်ဒဏ် ၁၃၈ ချက်ပါ ပြစ်ဒဏ်များအား ယာဉ်မောင်းများကို အသိပညာပေးလျက်ရှိသည်။ ထူးမြတ်