ရန်ကုန်၊ ဒီဇင်ဘာ ၁၈
ထိုင်းနိုင်ငံတွင် ပြုလုပ်မည့် အလွတ်သဘောဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တက်ရောက်မည်ဖြစ်ပြီး နယ်စပ်တည်ငြိမ်ရေးနှင့် နယ်စပ်ဖြတ်ကျော် မှုခင်းများပူးပေါင်းတိုက်ဖျက်ရေးအတွက် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ဒီနေ့ မီဒီယာတွေ မေးနေကြတဲ့ ထိုင်းနိုင်ငံမှာ ပြုလုပ်မယ့် အလွတ်သဘော ဆွေးနွေးပွဲနှစ်ခုနဲ့ပတ်သက်ပြီး ဒီလ ၁၉ ရက် မှာ မြန်မာနိုင်ငံနှင့် အိမ်နီးနားချင်းနိုင်ငံများ အစည်းအဝေးကိုတော့ မြန်မာနိုင်ငံက နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေဦးစီးပြီး တက်ရောက်သွားမှာ ဖြစ်ပါတယ်။ အိမ်နီး နားချင်း နိုင်ငံဖြစ်တဲ့ တရုတ်၊ လာအို၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်က ဝန်ကြီးအဆင့်ရှိသူများ၊ ဒုတိယဝန်ကြီးအဆင့်ရှိသူများနဲ့ တာဝန်ရှိသူများလည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။ အဓိကတော့ နယ်စပ်ရေးရာကိစ္စတွေ၊ နယ်စပ်ဖြတ်ကျော်မှုခင်းကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ နယ်စပ်တည်ငြိမ်ရေး၊ နယ်စပ်ဒေသဖြတ်ကျော်မှုခင်းများ ပူးပေါင်းတိုက်ဖျက်နိုင်ရေးအတွက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
အစည်အဝေးတွင် နယ်စပ်ဒေသ အငြင်းပွားမှုများနှင့်ပတ်သက်ပြီး ဆွေးနွေးသွားမည်မဟုတ်ဘဲ ယင်းကိစ္စရပ်အား မြန်မာ-ထိုင်းတို့အကြား အဆင့်ဆင့်ဖွဲ့စည်းထားသည့် နယ်ခြားကော်မတီ အစည်းအဝေးများမှသာ ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဖြစ်နေတဲ့ကိစ္စ ဒါနဲ့ပတ်သက်ပြီး သီးခြားကိစ္စဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ နယ်ခြား မြန်မာနဲ့ထိုင်းကြားမှာ နယ်ခြားကော်မတီ အဆင့်ဆင့်ဖွဲ့ စည်းထားတာ ရှိပါတယ်။TBC, RBC အစရှိသဖြင့် လစဉ်လည်း ဆွေးနွေးဆောင်ရွက် လျက်ရှိပါတယ်။ ဒီကိစ္စတွေကတော့ ဒီနယ်ခြားဒေသကော်မတီတွေရဲ့ ပုံမှန်အစည်းအဝေးကနေတစ်ဆင့်ပဲ ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ထိုင်းနိုင်ငံ၌ ဒီဇင်ဘာလ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် ပြုလုပ်မည့် အလွတ်သဘော ဆွေးနွေးပွဲနှစ်ခုနှင့် ပတ်သက်ပြီး ဒီဇင်ဘာ ၁၉ ရက်တွင် ပြုလုပ်မည့် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ အစည်းအဝေးကိုသာ မြန်မာနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ ဦးစီးပြီး တက်ရောက်သွားမည် ဖြစ်ကြောင်း သိရသည်။ ထူးမြတ်