ထိုင်းရောက် မြန်မာလုပ်သားများအတွက် နိုင်ငံသားဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ပေးမည်

ရန်ကုန်၊ ဇန်နဝါရီ ၁၃
    ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သားများ၏ အသက် (၁၀)နှစ်ပြည့်နှင့် အသက် (၁၈)နှစ်ပြည့် မိသားစုဝင်များအတွက် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများသည် မြန်မာသံရုံး ဘန်ကောက်၌ တွဲဖက်တာဝန်ထမ်းဆောင်ကာ  နိုင်ငံသားဆိုင်ရာ လုပ်ငန်းစဉ်လေးမျိုးကို စတင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။
    ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ဆောင်ရွက်ပေးမည့် နိုင်ငံသားဆိုင်ရာ လုပ်ငန်းစဉ်များမှာ မိဘ၏ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) နှင့် နိုင်ငံသား ကိုယ်ရေးမှတ်တမ်း(ပုံစံ နိုင်-၂)တွင် သားသမီး အမည်စာရင်း ထည့်သွင်းခြင်း၊ အိမ်ထောင်စု လူဦးရေစာရင်း (ပုံစံ-၆၆/၆)ရှိ သော်လည်း ကိုင်ဆောင်လက်မှတ်မရှိသည့် အခွန်ထမ်း အိမ်ထောင်စုဝင်များအား အသက်(၁၀)နှစ်ပြည့်နှင့် အသက် (၁၈)နှစ်ပြည့် ကိုင်ဆောင်လက်မှတ်များ ဥပဒေနှင့်အညီ ထုတ်ပေးခြင်း၊ အသက်(၁၀) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားမှ အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားလဲ လှယ်ထုတ်ပေးခြင်းတို့ဖြစ်ကြောင်း သိရသည်။
    ထို့အပြင် အခွန်ထမ်း နိုင်ငံသား များနှင့် မိသားစုဝင်များ ကိုင်ဆောင်လက် မှတ်ပျောက်ဆုံး/ ပျက်စီး/ဟောင်းနွမ်းပါက e-ID စနစ်ဖြင့်စစ်ဆေး၍ မိတ္တူထုတ်ပေးခြင်းကိုလည်း ဆောင်ရွက်ပေးသွား မည်ဖြစ်ပြီး တစ်မျိုးချင်းစီအတွက်လိုအပ်သော စာရွက်စာတမ်း၌ ဖြည့်စွက်ရန် ပြင်ဆင်ရမည့် အချက်အလက်များကို ဆက်လက်ထုတ်ပြန် သွားမည်ဖြစ်ကြောင်း သိရသည်။
    အဆိုပါ လုပ်ငန်းစဉ်များအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများသည် မြန်မာသံရုံးတွင် ခြောက်လတာကာလ တွဲဖက်လုပ်ကိုင်ပေးခြင်းဖြစ်ပြီး (၁၀)နှစ်ပြည့်အထက် ကလေးများအတွက် နိုင်ငံသားစိစစ်ရေးကဒ်ပြား ရရှိနိုင်မည်ဖြစ်သည်။ ထူးမြတ်

Total Views ~ 126

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43300

© 2022 - 2025 News. All Rights Reserved.