၂၀၂၃ အောက်တိုဘာ ၁၀
နိုင်ငံရေးပါတီအများစု ပြည်တွင်း ငြိမ်းချမ်းရေးရရှိရန် အထူးလိုလားကြပြီး ကောင်းမွန်သော မျှော်လင့်ချက်များဖြင့် NCA (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို တက်ရောက်ကြမည်ဖြစ် ကြောင်း သိရသည်။
ဖြစ်ပေါ်နေသည့် နိုင်ငံရေးပြဿနာကို လက်နက်နှင့် ဖြေရှင်းခြင်းမျိုးမပြုလုပ်ဘဲ ငြိမ်းချမ်းရေးကို ရှေးရှု၍ စားပွဲဝိုင်းဆွေး နွေးအဖြေရှာရေးကိုသာ လိုလားကြောင်း ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောသည်။
"ကျွန်တော်တို့ကတော့ အကောင်းဘက်ကို မျှော်လင့်တယ်။ အခုက ပါတီတွေအားလုံးကိုလည်း ဖိတ်တယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ UPDJC မှာပါ တဲ့သူတွေ။ နောက်ပြီးတော့ ငြိမ်းချမ်းရေး အထောက်အကူပြုအဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကိုလည်း ဖိတ်တာပေါ့လေ။ အကောင်းဘက်ကိုပဲ မြင်ရတယ်။ တစ်စုံတစ်ခုတော့ အတိုင်းအတာတစ်ခုအထိ ဖြစ်လာမလားပေါ့လေ။ ဒါကတော့ သူတို့ ကြိုးစားချက်တွေပေါ့နော်။ ကျွန်တော်တို့ကတော့ ဘယ်သူပဲ ဘာပဲကြို စားကြိုးစား ငြိမ်းချမ်းရေးကိုတော့ ကျွန်တော်တို့က လိုချင်တာပါပဲ။ Win Win Policy ဆိုတာ ရှိတယ်။ သူလည်းနိုင်တယ်၊ ကိုယ်လည်း နိုင်တယ်။ သူလည်းမရှုံးဘူး။ ကိုယ်လည်း မရှုံးဘူးဆိုတဲ့ဟာပေါ့။ အဲဒီအတွက်ဆိုရင် စားပွဲပေါ်မှာ စကားစစ်ထိုးကြမှပဲ အလုပ်ဖြစ်မယ်။ လက်နက်ကိုင်ပြီးတော့ တိုက်ကြခိုက်ကြရင်တော့ သူလည်းရှုံးမယ်၊ ကိုယ် လည်းရှုံးမယ်။ သူလည်းနာမယ်၊ ကိုယ်လည်း နာမယ်။ အခုထိ ပြည်တွင်းစစ်က နှစ်ပေါင်း ၇၀ ကျော် ကြာလာပြီလေ။ ကျော်လာပေမယ့်လည်း ကိစ္စကမပြီးဘူး။ မအောင်မြင်ဘူး။ အဲဒီတော့ တွေ့ဆုံဆွေးနွေးရေးနဲ့ အဖြေရှာကြတာ အကောင်းဆုံးပဲလို့ မြင်ပါတယ်။ တင်းမာမှုတွေကို အတတ်နိုင်ဆုံး နည်းနည်းဆီ လျှော့ချရင်တော့ အကောင်း ဆုံးပါပဲ"ဟု ၎င်းကပြောသည်။
အလားတူ ငြိမ်းချမ်းရေးကိစ္စသော်လည်းကောင်း ရွေးကောက်ပွဲကိစ္စသော် လည်းကောင်း ပါဝင်ပတ်သက်သူအားလုံး တွေ့ဆုံဆွေးနွေးမှု များများပြုလုပ်သင့်ကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါ တီ၏ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် စောခွန်ကျော်ဝင်းက ပြောသည်။
"ဒီအခမ်းအနားကိုတက်ပြီး နောက်ပိုင်းမှာ ရှေ့ဆက်ပြီးဘယ်လိုသွားကြမလဲ၊ အဲဒီအပေါ် အခြေခံပြီးတော့မှ နိုင်ငံရေးပါတီတွေကလည်း နောက်ပိုင်း ငြိမ်းချမ်းရေးကိစ္စတွေမှာ ဘယ်လိုပါဝင်လို့ရ မလဲ အဲဒီလို အဖြေတစ်ခု လမ်းကြောင်းတစ်ခုတော့ ရှိလာလိမ့်မယ်လို့ ထင်ပါတယ်။ လက်နက် ကိုင်ပြီး ဖြေရှင်းတာထက် ညှိနှိုင်းဖြေရှင်း တာက ထိခိုက်မှုအနည်းဆုံးလို့ မြင်ပါတယ်။ အဲဒီလမ်းကြောင်းကို မရွေးဘဲ တခြားလမ်း ကြောင်းကိုရွေးရင် ထိခိုက်မှုတွေ ပိုများနိုင်မယ်။ အဖွဲ့အစည်းတွေထက် ပြည်သူလူထု ကို ထိခိုက်တာ ပိုများမယ်။ ငြိမ်းချမ်းရေးရ ဖို့ဆိုရင် အဖွဲ့အစည်းတွေ အချင်းချင်းတွေ့ဆုံ ဆွေးနွေးမှုတွေ များများလုပ်ရမယ်။ အမြဲတမ်း ပုဂ္ဂိုလ်ရေးအရပါ ရင်းနှီးမှုတွေရအောင် လုပ်ရမယ်။ အဖွဲ့အစည်းချင်းလည်း တွေ့ဆုံမှုမရှိဘူး။ ပုဂ္ဂိုလ်ချင်းလည်း ရင်းနှီးမှုမရှိဘူး ဆိုရင် သွားမယ့်လမ်းက တစ်ယောက်နဲ့ တစ်ယောက် ပိုဝေးသွားနိုင်တယ်။ ရွေးကောက်ပွဲ ကိစ္စသော်လည်းကောင်း ငြိမ်းချမ်းရေး ကိစ္စသော်လည်းကောင်း ပါဝင်ပတ်သက်တဲ့အဖွဲ့ အစည်းတွေ အားလုံးက တွေ့ဆုံဆွေးနွေးမှု တွေ များများလုပ်ပြီး ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှုတွေနဲ့ နားလည်မှုတွေ ယူပြီးတော့ ဆောင်ရွက်ဖို့လိုပါတယ်။ မဟုတ်ရင် တစ်နှစ်မှ တစ်ခါ၊ နှစ်နှစ်မှ တစ်ခါတွေ့ပြီးတော့ ဆွေးနွေးမယ်ဆိုရင် ရလဒ်ကမရ။ သူ့ဘက်ကလည်း မလျှော့၊ ကိုယ့်ဘက်ကလည်း မလျှော့ဆိုရင် ကြာလာရင် ပိုဝေးသွားနိုင်တယ်။ ကျွန်တော် တို့ ရှမ်းပြည်တောင်ပိုင်း ပအိုဝ်းတိုင်းရင်း သားတွေရှိတဲ့ နေရာမှာဆိုရင် ငြိမ်းချမ်းမှုရှိမှလည်း ရွေးကောက်ပွဲက လုပ်လို့ရမှာ။ ဒါကတော့ သေချာတယ်။ အခြားတိုင်းရင်းသားဒေသတွေမှာလည်း အလားတူပဲ ဖြစ်မယ်ထင်ပါတယ်"ဟု ၎င်းကပြောသည်။
လက်နက်ကိုင်ပဋိပက္ခများ ကြောင့် တိုင်းပြည်ကို မနစ်နာစေချင်ကြောင်းနှင့် နှစ်ဖက်မျှတသော ငြိမ်းချမ်းရေးအခင်း အကျင်းကို ဖြစ်စေချင်ကြောင်း ကရင်ပြည်သူ့ ပါတီမှ နန့်ခင်အေးဦးကပြောသည်။
"အန်တီတို့ပါတီကတက်မယ်။ အဲဒါပြီးတာနဲ့ UEC နဲ့တွေ့ဖို့လည်းရှိတယ်။ အစည်းအဝေးနှစ်ခု ဆက်တာပေါ့။ မျှော်လင့်တာကတော့ စားပွဲဝိုင်းမှာပဲ အေးအေးဆေးဆေး ဖြေရှင်းစေချင်တယ်။ ဖြေရှင်းတဲ့ နေရာမှာလည်း တစ်ဖက်သတ်မျိုးမဟုတ်ဘဲ မျှမျှတတရှိတဲ့ ငြိမ်းချမ်းမှုမျိုးတော့ ဖြစ်စေ ချင်တာပေါ့။ NCA အခမ်းအနားကို သွားတက်မယ်။ အစကတည်းက ငြိမ်းချမ်းရေးကိစ္စကို အန်တီတို့က အဓိကနေရာကမဟုတ် သော်လည်း ပါဝင်ပတ်သက်ခဲ့တဲ့ အခါကျတော့ ဒါလေးကိုတော့ ဖြစ်စေချင်တယ်။
နှစ်ဖက်လုံးကိုလည်း ပြောချင်တာပေါ့နော်။ တတ်နိုင်တဲ့ လမ်းကြောင်းတွေ ကနေ ပြောပေးနေတာပဲ။ တိုင်းပြည်ကို မနာစေချင်ဘူး။ အလုံးစုံပျက်စီးပြီးမှ ဆိုရင် ပြန်တည်ဆောက်ရတာ တော်တော်ခက်တယ်။ နှစ်ဖက်လုံးက ဘယ်လိုပြန်တည်ဆောက်ကြမလဲဆိုတဲ့ သဘောထားလေး တွေရှိစေချင်တယ်"ဟု ၎င်းကပြောသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးခြင်း (၈)နှစ် မြောက်နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်နိုင်ရေး NCA နှင့် ပတ်သက်သူအားလုံးကို ဖိတ်ကြားထားကြောင်း သိရသည်။
NSPNC ၏ NCA (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီသည် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် ကျရောက်မည့် NCA (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအ နားကို နိုင်ငံရေး အနှစ်သာရရှိရှိ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။