နောင်ချိုမြို့၏ နေရာတော်တော်များများတွင် လျှပ်စစ်မီး ပြန်လည်ရရှိနေပြီဟု ဒေသခံများပြော

ရန်ကုန်၊ သြဂုတ် ၆
    ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့၏ နေရာတော်တော်များများတွင် လျှပ်စစ်မီး ပြန်လည်ရရှိနေပြီဖြစ်ကြောင်း ယင်းမြို့နယ်ဒေသခံများက သြဂုတ် ၄ ရက်တွင် ပြောကြားခဲ့သည်။
    နောင်ချိုမြို့ရှိ ရပ်ကွက်တော်တော်များများ လျှပ်စစ်မီးရရှိနေပြီဖြစ်ကြောင်း မြို့ခံဖြစ်သူ ဒေါ်ရှမ်းမက ပြောသည်။ "လျှပ်စစ်မီးက ရပ်ကွက်တော်တော်များများရနေပြီ။ ကျောင်းထဲလည်းရနေပြီ။ တောင်ရပ်ကွက်တွေရပြီ။ ဈေးရပ်တွေရပြီ။ ကျန်တဲ့ရပ်ကွက်တွေ အခြေအနေတော့ သေချာမသိရသေး ဘူး။ မီးသတ်ရုံးလမ်းဘေးတွေရနေပြီ။ မီးစက်နဲ့ မဟုတ်ဘူး၊ လျှပ်စစ်မီး ရနေကြတာ"ဟု ၎င်းက ဆက်ပြောသည်။
    အလားတူ နောင်ချိုမြို့နယ် မျက်ချင်းနုကျေးရွာမှ ဦးနေဝင်းကလည်း မြို့ပေါ်ရှိ လမ်းမီးတိုင်များအားလုံး မီးလင်းနေပြီဟု ပြောသည်။ "လျှစ်စစ်ဌာနက လူတွေနဲ့ သိတော့ သူတို့ပြောတာကတော့ ခွဲရုံတွေက သေချာပြန်လည် ပြင်ဆင်နေတယ်၊ ဒီကာလမှာ ပြင်ဦးလွင်ကနေ တိုက်ရိုက်ယူထားရတယ်လို့ ပြောတယ်။ ခွဲရုံကို တိုက်ရိုက်ထည့်ဖို့ ဆောင်ရွက်နေပေမယ့် ခွဲရုံမှာကလည်း ပြင်စရာတွေ ရှိနေသေးတယ်လို့ ပြောပါတယ်။ လမ်းမီးတွေကတော့ တော်တော်လင်းနေတယ်။ ကျောင်းတွေ၊ ဌာနဆိုင်ရာ‌တွေလည်း တော်တော်များများ လင်းနေပါပြီ။ ရပ်ကွက်တွေကလည်း အဲဒီ ဌာနဆိုင်ရာတွေရှိတဲ့ လမ်းကြောင်းပေါ်က ရပ်ကွက်တွေမှာ ပေးလို့ရတာ ပေးနေတယ်"ဟူ၍ ၎င်းက ပြောသည်။
    TNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအနေဖြင့် နောင်ချိုမြို့နှင့် ၎င်းဒေသအား ယာယီ သိမ်းပိုက်ထိန်းချုပ် ထားစဉ်က မြို့/ရွာများအတွင်းရှိ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာ အဆောက်အအုံများ၊ ဆေးရုံများနှင့် လူနေအိမ်များတွင် ဘန်ကာများ ဆောက်လုပ်ခဲ့ပြီး တပ်မတော်စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဒေသခံပြည်သူများ၏ အိုးအိမ်များကို ခံစစ် တံတိုင်းအဖြစ် အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်ခဲ့ကြသလို ဆက်သွယ်ရေးစနစ်နှင့် လျှပ်စစ်ဓာတ်အားပေးစနစ်များကိုလည်း ဖျက်ဆီးပစ်ခဲ့သည်။
    လက်ရှိတွင် တပ်မတော်နှင့် ဌာနဆိုင်ရာများပူးပေါင်း နောင်ချိုမြို့နယ်တွင် လျှပ်စစ်မီးပြန်လည်ရရှိရေးနှင့် ဆက်သွယ်ရေးလိုင်းများ ကောင်းမွန်ရေး ပြင်ဆင်ရေး၊ တည်ဆောက်ရေးများ လုပ်ဆောင်လျက်ရှိသည်။ (နဒီ)

Total Views ~ 4

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

48912

© 2022 - 2025 News. All Rights Reserved.