တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုမှ ရွှေမော်ဓောစေတီတော် ရင်ပြင်တော်ပြည့် စကျင်ကျောက်ပြားခင်းရန် လှူဒါန်းမည်

ရန်ကုန်၊ သြဂုတ် ၆

            ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီးသို့ ဘုရားဖူးလာ မိဘပြည်သူများ နေပူဒဏ် သက်သာစွာဖြင့် ဘုရားဖူးမြော် ကြည်ညိုနိုင်ရေးအတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများက စေတီတော်ရင်ပြင်တော်အပြည့် စကျင်ကျောက်ပြားခင်းကျင်းကပ်လှူ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်  အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ပြောကြားသည်။

            သြဂုတ်လ ၃ ရက်က နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွဲဖက် အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် တန်ခိုးကြီးဘုရား စေတီများသို့ သွားရောက်ဖူးမြော်ကြည်ညိုခဲ့သည်။

            နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီး၊ အဖွဲ့ဝင်များသည် ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးသို့ ရောက်ရှိ ဖူးမြော်ကြပြီး စေတီတော်မြတ်ကြီးနှင့် ပရိဝုဏ်တော်အတွင်းရှိ သာသနိကအဆောက်အအုံများ ရေရှည်တည်တံ့ခိုင်မြဲရေး၊ သန့်ရှင်းသပ်ရပ်ပြီး ကြည်ညိုသပ္ပာယ်ဖွယ်ဖြစ်စေရေး စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက် သွားရန်လိုကြောင်း၊ ဘုရားဖူးလာ မိဘပြည်သူများ နေပူဒဏ်သက်သာစွာဖြင့် ဘုရားဖူး မြော်ကြည်ညိုနိုင်ရေးအတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက စေတီတော်ရင်ပြင်တော်အပြည့် စကျင်ကျောက် ပြားခင်းကျင်း ကပ်လှူ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း ရေဝင်ရေထွက်နေရာများ စနစ်တကျ ပါရှိစေရေး ဆောင်ရွက်သွားရန်လိုကြောင်းနှင့် လုပ်ငန်းဆောင်ရွက်မှုများအား အမြန်ဆုံးပြီးစီးအောင် ကြပ်မတ် ဆောင် ရွက်ပေးသွားရန်လိုကြောင်း ပြောကြားခဲ့သည်။

            ထို့အပြင် ရွှေမော်ဓောစေတီတော် သမိုင်းပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ရှေးဟောင်းလက်ရာ ဗုဒ္ဓရုပ်ပွားတော်များ၊ လက်ဝတ်ရတနာများ၊ အသုံးအဆောင် ပစ္စည်းများကို ကြည့်ရှုပြီး စနစ်တကျ ထိန်းသိမ်းကြရန် မှာကြားခဲ့ပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက စေတီတော်မြတ်ကြီးအတွက် ဘက်စုံအလှူငွေများကို ပေးအပ်လှူဒါန်းခဲ့သည်။ (ထူးမြတ်)

Total Views ~ 6

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

48913

© 2022 - 2025 News. All Rights Reserved.