ရန်ကုန်၊ သြဂုတ် ၆
မြန်မာ့တပ်မတော်က ပြန်လည်သိမ်းပိုက် ထိန်းချုပ်ခဲ့သည့် ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့သည် တည်ငြိမ်အေးချမ်းမှုနှင့်အတူ ပြန်လည်စည်ကားလာ ပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။
မြို့တွင်းသို့ စစ်ဘေးရှောင်များ ပြန်လည်ဝင်ရောက်လာနေကြပြီ ဖြစ်သလို မြို့မဈေးအပါအဝင် ဆိုင်ခန်းတော်တော်များများ ဖွင့်လှစ်နေကြပြီဖြစ်ကြောင်း နောင်ချိုမြို့မှ ဈေးသည်တစ်ဦးက သြဂုတ် ၄ ရက်တွင် ပြောသည်။ "မြို့က ပြန်စည်လာပါပြီ။ဈေးသည်တွေ ပြန်ရောင်းနေကြပါပြီ။ မြို့မဈေးက တော်တော်စည်နေပြီ။ အတွင်းဈေးရော အပြင်ဈေးရော စည်နေတာ။ ဈေးအတွင်းထဲတွေရော အပြင်ပတ်လမ်း ဘက်တွေ ရောင်းနေကြပြီ။ ရေသန့်လည်း တချို့ရပ်ကွက်တွေ ရနေပြီ။ ရေသန့်အတွက် ရှမ်း ကုန်းထဲမှာ စက်ရုံလည်တယ်လေ။ ဒါကြောင့် စည်ပင်ရေ ရနေတာ။ ပြီးတော့ အရင်က ပိတ်ထားခဲ့တဲ့ ဆိုင်ခန်းတွေ လည်း ပြန်ရောင်းနေကြပြီဆိုတော့ မြို့က တော်တော်စည်နေပါပြီ"ဟု ၎င်းက ပြောသည်။
နောင်ချိုမြို့၏ နေရာတော်တော်များများတွင် လျှပ်စစ်မီး ပြန်လည်ရရှိနေပြီ ဖြစ်သလို ဖုန်းလိုင်းမှာလည်း Telenor မရ သေးသော်လည်း MPT? Mytel တို့ ရရှိနေကြောင်း သိရသည်။
"မြို့က စည်သင့်သလောက်စည်နေပြီ။ တိမ်းရှောင်နေသူတွေ အကုန်လုံး တော့ မရောက်ကြသေးဘူး၊ တချို့တော့ ပြန်လာနေကြပါပြီ။ ဈေးတွေလည်း ဖွင့်နေပြီ။ ဆိုင်တွေ တော်တော်များများ ဖွင့်နေပြီ။ အထည်ဆိုင်တချို့ပဲ ကျန်သေးတယ်။ မြို့မဈေးထဲက ဆိုင်ခန်းတွေကတော့ ရာခိုင်နှုန်းနဲ့ ပြောရမယ်ဆိုရင် သုံးချိုးနှစ်ချိုးလောက် ပြန်ဖွင့်နေကြပါပြီ။ ကျန်တဲ့ အပြင်ကဆိုင်တွေကတော့ ပြန်ဖွင့်တာ နည်းနေသေး တယ်။ အပြင်မှာလည်း စည်တယ်။ အသွားအလာ တော်တော်လေးကို စည်နေပါတယ်"ဟု နောင်ချို မြို့ နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
နောင်ချိုမြို့၌ အကြမ်းဖက်သောင်းကျန်းသူများကြောင့် အခြေခံပညာ ကျောင်းများအား တစ်နှစ်နီးပါး ပိတ်ထားခဲ့ရပြီး ဇူလိုင် ၂၅ ရက်မှစ၍ အခြေခံပညာ ကျောင်းများကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။ လက်ရှိတွင် ကျောင်းသားကျောင်းသူများအား စာပေပညာရပ်များကို သင်ကြားပေး လျက်ရှိသည့်အပြင် ကျောင်းအပ်လက်ခံခြင်းကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိနေသည်။ နောင်ချိုမြို့နယ်အတွင်း အခြေခံ ပညာကျောင်း ၂၂ ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး သြဂုတ် ၄ ရက်အထိ ကျောင်းအပ်နှံသဖြင့် စုစုပေါင်း ကျောင်းသားကျောင်းသူ ၃၄၄၇ ဦး အေးချမ်းပျော်ရွှင်စွာ တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။ အလားတူ အကြမ်းဖက်သမားများ ဖျက်ဆီးခဲ့သည့် နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံကြီးအား သြဂုတ် ၂ ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ဒေသခံတိုင်းရင်းသားပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ (နဒီ)