ရန်ကုန်၊ ဇန်နဝါရီ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ မြို့နယ်တချို့တွင် ပဋိပက္ခတချို့ရှိနေ၍ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ၏ မြို့နယ်ပါတီရုံး တချို့ဖွင့်ရန် အခက်အခဲဖြစ်နေကြောင်း ယင်းပါတီမှ သိရသည်။
ပါတီအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရ ရှမ်းပြည်နယ်(တောင်ပိုင်း) တွင် မြို့နယ်ငါးခု အနည်းဆုံးဖွင့်လှစ်ရမည်ဖြစ်သော်လည်း ညောင်ရွှေ၊ တောင်ကြီး၊ ရပ်စောက်၊ ကလောတို့တွင်သာ မြို့နယ်ရုံး တစ်ခုစီသာ ဖွင့်လှစ်ထားနိုင်ကြောင်း အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ အတွင်းရေးမှူး ဦးတိုးရက ပြောသည်။
"အဲဒီလေးမြို့နယ်ပဲ ဖွင့်နိုင်သေးတယ်။ ပင်လောင်းဘက်နဲ့ ဖယ်ခုံမြို့နယ်တွေဘက်မှာ ဖွင့်ဖို့စီစဉ်ထားပေမယ့် အဲဒီနေရာတွေမှာက ကျွန်တော်တို့အင်းသားအများဆုံး ရှိတဲ့နေရာတွေမှာ ရုံးဖွင့်ဖို့ အဆင်မပြေဘူး။ ကျွန်တော်တို့ဆီမှာက ဘာပဲပြောပြော အေးချမ်းတယ်ဆိုရင်တောင်မှ အခက်အခဲ လေးတွေ ရှိနေသေးတယ်။ ဆိုလိုတာက စည်းရုံးရေးဆင်းတာတို့၊ ရုံးခန်းဖွင့်လှစ်ဖို့ ကိစ္စတွေက ဒီထဲမှာကလည်း ပြောက်ကျား၊ ပြောက်ကျားရှိနေတော့ ရဲရဲဝံ့ဝံ့တော့ မလုပ်ရဲဘူး ဖြစ်နေတယ်။ ပါတီရုံးဆိုရင် ပင်လောင်းမှာလည်း ဖွင့်လို့မရသေးဘူး။ ဖယ်ခုံမှာလည်း ဖွင့်လို့မရသေးဘူး။ အဓိကကတော့ ကျွန်တော်တို့ အင်းသားတွေအများစု ရှိတဲ့နေရာ၊ ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာပေါ့၊ အဲဒီနေရာက မအေးချမ်းလို့ပါ။ အဲဒီနေရာတွေမရလို့ မိုးဗြဲ၊ ဖယ်ခုံဘက်မှာ ကမ်းလှမ်းကြည့်တယ်၊ အဲဒီမှာလည်း အတူတူပဲ ရုံးဖွင့်မယ့်သူတွေ ကိုယ်တိုင်က ပြေးနေရတယ်၊ ကြောက်နေရတယ်"ဟု ဦးတိုးရက ဆက်ပြောသည်။
ထို့အပြင် အင်းအမျိုးသားများမှာ ၂၀၂၀ ပြည့်နှစ်စာရင်းအရ တစ်သိန်းခွဲရှိခဲ့ပြီး လက်ရှိအခြေအနေအရ လူဦးရေ နှစ်သိန်း ကျော်ရှိမည်ဟု ၎င်းက ခန့်မှန်းပြောဆိုထားပြီး ပါတီအနေဖြင့် နိုင်ငံရေးပါတီများမှတ်ပုံတင် ခြင်းဆိုင်ရာ ဥပဒေအရ သတ်မှတ်ပါတီဝင်အင်အားနှင့် မြို့နယ်ရုံး လေးခုစာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်ရှင်သို့ တင်ပြထားကြောင်း သိရသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော အင်းအမျိုးသား အဖွဲ့ချုပ်ပါတီကို ၂၀၂၃ ခု နှစ် မေ ၁၆ ရက်မှစ၍ နိုင်ငံရေးပါတီများမှတ် ပုံတင်ခြင်းဥပဒေ ပုဒ်မ(၉)နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ကြေညာခဲ့ပြီး ယင်း ပါတီ၏ မှတ်ပုံတင်အမှတ်မှာ (၁၅) ဖြစ်သည်။ ညီသစ်