၂၀၂၃ အောက်တိုဘာ ၁၇
ပဋိပက္ခများကို နိုင်ငံရေးလမ်းကြောင်းအရ ဖြေရှင်းနိုင်ရေးအနှစ်သာရရှိသည့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် NCA တွင် ပါဝင်လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းများအားလုံးကို တိုက်တွန်းတောင်းဆိုကြောင်း အိန္ဒိယသမ္မတနိုင်ငံ၊ ဒုတိယအမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် မစ္စတာ ဗစ်ခရမ် မစ်ဆရီက ပြောကြားလိုက်သည်။ နေပြည်တော် MICC-2 တွင် အောက်တိုဘာ ၁၅ ရက်နေ့က ပြုလုပ်သော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ချုပ်ဆိုခြင်း (၈) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား မိန့်ခွန်းတွင် မစ္စတာ ဗစ်ခရမ် မစ်ဆရီ က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
"NCA စာချုပ်ဟာ မျှော်လင့်ချက်ရဲ့ သင်္ကေတတစ်ရပ်ဖြစ်ပြီး ပဋိပက္ခ အမှောင်တိုက်အကြားမှ ငြိမ်းချမ်းမှုထံသို့ ဦးတည်လျှောက်လှမ်းနိုင်ဖို့ အလင်းပြဖော်ဆောင်ပေးနိုင်မယ့် စာချုပ်တစ်ရပ်လည်းဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်သူတစ်ရပ်လုံး ငြိမ်းချမ်းတည်ငြိမ်မှုရှိပြီး သာယာဝပြောစွာ မှီတင်းနေထိုင်နိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကြီး တည်ထောင်နိုင်ရေး မျှော်မှန်းချက်ကို လျှောက်လှမ်းနိုင်ဖို့အတွက် ပဋိပက္ခများကို နိုင်ငံရေးလမ်းကြောင်းအရ ဖြေရှင်းနိုင်ရေးကို ဦးတည်ကာ NCA ယန္တရားကို ပိုမိုခိုင်မာစေဖို့၊ စာချုပ်ပါ ကတိကဝတ်တွေကို လိုက်နာစောင့်ထိန်းဖို့၊ လေးနက်ပြီးအနှစ်သာရရှိတဲ့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ဖို့အတွက် NCA စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းများအားလုံးကို အိန္ဒိယနိုင်ငံမှ တိုက်တွန်းတောင်းဆိုလိုပါတယ်" ဟူ၍ မစ္စတာ ဗစ်ခရမ် မစ်ဆရီက ပြောကြားခဲ့သည်။
လွန်ခဲ့တဲ့ (၈) နှစ်တိတိက အောက်တိုဘာလ ၁၅ ရက်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၈)ဖွဲ့က ကိုယ်စားလှယ်များနဲ့ မြန်မာအစိုးရကိုယ်စားလှယ်များတွေ့ဆုံပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ယင်းသို့ စလက်မှတ်ရေးထိုးခဲ့သည့် အခါသမယတွင် NCA တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသူများအနေဖြင့် ပဋိက္ခများကို တွေ့ဆုံဆွေးနွေးမှုများနှင့် ပူးပေါင်းဆောင်ရွက်တို့မှတစ်ဆင့် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်သွားမည်ဟု ကတိကဝတ်ပြုခဲ့သည့် သက်သေအထောက်အထားတစ်ရပ်ဖြစ်ကာ မျှော်လင့်ချက်ရောင်ခြည်လည်း သန်းခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
" တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ဟာ သက်ဆိုင်ရာ အဖွဲ့အစည်းများအကြား အကြေအလည်ဆွေးနွေးမှုများနဲ့ ရဲဝင့်တဲ့ဆုံးဖြတ်ချက်များကြောင့် ထွက်ပေါ်လာတဲ့ ရလဒ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံရဲ့သမိုင်းမှာ အလွန်အရေးပါတဲ့စာချုပ်တစ်ရပ်လည်း ဖြစ်ပါတယ်။ ဒီစာချုပ်ကို ချုပ်ဆိုနိုင်ခြင်းဟာ မတူကွဲပြားမှုများ၊ စွဲကိုင်ထားကြတဲ့ လက်နက်များကိုဘေးဖယ်ကာ ပိုမိုငြိမ်းချမ်းမှုရှိတဲ့ အနာဂတ်ဆီသို့ စတင်လျှောက်လှမ်းသွားလိုတဲ့ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုများရဲ့ဘုံဆန္ဒကို ထုတ်ဖော်ပြသခဲ့ခြင်းလည်း ဖြစ်ပါတယ်"ဟု မစ္စတာ ဗစ်ခရမ် မစ်ဆရီက ပြောကြားခဲ့သည်။
NCA သည် စာရွက်ပေါ်မှာ လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်တစ်ရပ်သာမကဘဲ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်သည့် နိုင်ငံသားများအားလုံး ငြိမ်းချမ်းစွာ အတူတကွယှဉ်တွဲ နေထိုင်နေကာ အကြမ်းဖက်မှုများဖြင့် ပဋိပက္ခများမှ ကင်းဝေးသည့်နိုင်ငံတစ်နိုင်ငံအဖြစ် တည်ထောင်လိုသော မြန်မာနိုင်ငံသားအားလုံး၏ မျှော်လင့်ချက်ရောင်ခြည်တစ်ရပ်လည်း ဖြစ်ကြောင်း၊ထို့ဒအပြင် တိုင်းရင်းသားလူမျိုးစုများ၏ဆန္ဒများနှင့် ရိုးရာယဉ်ကျေးမှုများကို လေးစားမှုပြုခဲ့ရုံသာမက အလေးထားဖော်ဆောင်ပေးကာ နိုင်ငံသား တစ်ဦးတစ်ယောက်ချင်းစီတိုင်း တိုးတက်အောင်မြင်စေနိုင်မည့် အခွင့်အလမ်းများကို ဖန်တီးပေးဖို့အတွက် မျှော်မှန်းဖော်ဆောင်ပေးခဲ့သည့်စာချုပ်တစ်ရပ်လည်း ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
"NCA စာချုပ်ရဲ့ အနှစ်သာရဖြစ်တဲ့ တိုင်းရင်းသားပဋိပက္ခများနဲ့ မတူကွဲပြားမှုများကို ငြိမ်းချမ်းစွာ ချစ်ကြည်ရင်းနှီးမှုကို အခြေခံပြီး ဖြေရှင်းဆောင်ရွက်တဲ့ အလေ့အထကောင်းကို ပိုမိုပြုစုပျိုးထောင်ခြင်းဖြင့် မြန်မာပြည်သူများရဲ့ မျှော်မှန်းချက်ဆန္ဒများကို ဖော်ဆောင်ပေးသွားနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေတဲ့ အိန္ဒိယနိုင်ငံအနေနဲ့ ငြိမ်းချမ်းစွာချစ်ကြည်ရင်းနှီးမှုကိုအခြေခံပြီး ဖြေရှင်းဆောင်ရွက်တဲ့ မြန်မာနိုင်ငံရဲ့ NCA လမ်းကြောင်းကိုထောက်ခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာနဲ့ ဖက်ဒရယ်စနစ် တည်ထောင်ခြင်းဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများအပါအဝင် မြန်မာနိုင်ငံရဲ့ ကြိုးပမ်းဆောင်ရွက်မှုများအတွက် လိုအပ်သည်များကို အစဉ်တစိုက် ကူညီပံ့ပိုးပေးလျက်ရှိပါတယ်။
တစ်ဖက်မှာလည်း ငြိမ်းချမ်းရေးကို လျှောက်လှမ်းတဲ့ခရီးလမ်းဟာ စိန်ခေါ်မှု အမြောက်အမြားနဲ့ ရင်ဆိုင်ရမယ်ဆိုတာကို သတိပြုရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေး ခရီးလမ်းတစ်လျှောက်မှာ အခက်အခဲများကို ရင်ဆိုင်ခဲ့ရပြီးဖြစ်သလို ရှေ့ဆက်လျှောက်လှမ်းရာမှာလည်း လက်ရှိနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေများအရ စိန်ခေါ်မှုများကို ဆက်လက်ရင်ဆိုင်ကျော်လွှားသွားရအုံးမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံရေးအသွင်ကူးပြောင်းမှုကာလတစ်ခုကို ဖြတ်သန်းလျက်ရှိရာ ယင်းကာလမှာ NCA စာချုပ်ဟာ အရေးပါတဲ့ အခန်းကဏ္ဍတစ်ရပ်အနေနဲ့ ပါဝင်နေပါတယ်။ NCA ယန္တရားဟာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ထောင်ရေးဆိုတဲ့ မြန်မာပြည်သူများရဲ့ မျှော်လင့်ချက်ဆန္ဒကို ဖော်ဆောင်ပေးနိုင်မယ့်နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို ဆောင်ကြဉ်းပေးနိုင်ရေးအတွက် အထောက်အပံ့ဖြစ်စေမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ပိုမိုအားလုံးပါဝင်မှုရှိတဲ့ လူမှုအသိုင်းအဝိုင်း တစ်ရပ် ထူထောင်နိုင်ရေး ခရီးလမ်းကြောင်းမှာ NCA စာချုပ်ဟာ အခြေခံအုတ်မြစ်တစ်ရပ် ဖြစ်လာမှာဖြစ်ပါတယ်" ဟူ၍လည်း အိန္ဒိယသမ္မတနိုင်ငံ၊ ဒုတိယအမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် မစ္စတာ ဗစ်ခရမ် မစ်ဆရီက ပြောကြားခဲ့သည်။