ရန်ကုန်၊ စက်တင်ဘာ ၄
ပါတီဝင်အင်အားစည်းရုံးခြင်းနှင့် ပါတီရုံးခန်းများဖွင့်လှစ်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောကြားလိုက်သည်။
"ပါတီဝင်အင်အားကလည်း စည်းရုံးထားတာ တစ်သိန်းရှစ်သောင်းကျော်ပြီ။ ကျွန်တော်တို့က အကုန်လုံးတော့ မတင်သေးဘူး။ ရုံးခန်းပေါင်းက ၁၁၀ ကျော်သွားပြီ။ ရွေးကောက်ပွဲနီးမှ ရွေးကောက်ပွဲမတိုင်မီ သူတို့သတ်မှတ်ထားတဲ့ ကာလထဲမှာ အပြီးတင်ရမှာ"ဟု ဦးစိုင်းအိုက်ပေါင်းက ပြော သည်။
ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)သည် ၂၀၂၃ ခုနှစ် ဇွန်လ ၂၃ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UCE)မှ မှတ်ပုံတင် အမှတ်(၂၈)ဖြင့် မှတ်ပုံတင် ခွင့်ပြုပေးခဲ့သည့် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့် နိုင်ငံရေးပါတီဖြစ်သည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၀ ရက်တွင် ပြန်လည်ပြင်ဆင်ပြဋ္ဌာန်းခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့် နိုင် ငံရေးပါတီများအနေဖြင့် ယခင်က ပါတီဝင် အင်အားအနည်းဆုံး တစ်သိန်းစည်းရုံးရမည့်အစား ငါးသောင်းကိုသာ စည်းရုံးရမည်ဟု ဖော်ပြထားသည်။ ထို့ပြင် ပြည်ထောင်စု တစ်ဝန်းလုံး စည်းရုံးမည့် နိုင်ငံရေးပါတီများအနေဖြင့် မြို့ နယ်အားလုံး၏ ထက်ဝက်တွင် ပါတီရုံးခန်း ဖွင့်လှစ်ရမည့်အစား မြို့နယ်အားလုံး၏ သုံးပုံတစ်ပုံ ခန့်တွင်သာ ရုံးခန်း ဖွင့်လှစ်ရန် ပြဋ္ဌာန်းခဲ့သည်။
ထို့အတူ မှတ်ပုံတင်ကျသည့် ရက် မှစ၍ ရက်ပေါင်း ၁၈၀ အတွင်း သတ်မှတ် ပါတီရုံးခန်းများ ဖွင့်လှစ်ရမည့်အစား ရွေးကောက်ပွဲကျင်းပမည့် ရက်မတိုင်မီ အနည်းဆုံး ရက်ပေါင်း ၉၀ အတွင်း ပါတီရုံးများ ဖွင့်လှစ်ရမည်ဖြစ်ကြောင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် ဖော်ပြထားသည်။ ညီသစ်