၂၀၂၃ အောက်တိုဘာ ၃
ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း ၂၆၀၀ ကျော် ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ခြောက်ခုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုပေးခဲ့သည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၃/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးကို အောက်တိုဘာ ၂ ရက်က နေပြည်တော်ရုံးအမှတ်(၁၈)၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး၌ ကျင်းပခဲ့ရာ အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံရင်း နှီးမြှုပ် နှံမှုကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ယင်းအစည်းအဝေးတွင် ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှစ်ခု၏ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် လျှပ်စစ်ကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွား ကဏ္ဍတို့မှ ရင်းနှီးမြှုပ် နှံမှုလုပ်ငန်းသစ်ခြောက်ခုကို ခွင့်ပြုပေးခဲ့ပြီး အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာ ၇၂ ဒသမ ၉၈ သန်းနှင့် ငွေကျပ် ၃၁၄ç၇၃၉ ဒသမ ၁၄၁ သန်းဖြစ်ပြီး ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၆၀၀ ကျော်ကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။
ယင်းအစည်းအဝေးက ခွင့်ပြုခဲ့သော လုပ်ငန်းများတွင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အမျိုးအစား လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းလည်း ပါဝင်ကြောင်း သိရသည်။
၂၀၂၃ ခုနှစ် သြဂုတ်လကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ၊ ဒေသပေါင်း ၅၂ ခုအနက် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံ၊ ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ပြီး စီးပွားရေးကဏ္ဍ ၁၂ ခုအနက်အများ ဆုံးရင်းနှီးမြှုပ်နှံထားသည့် ကဏ္ဍများမှာ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ၏ ၂၈ ဒသမ ၄၅ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစု ပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၄ဒသမ၄၆ ရာခိုင် နှုန်းဖြင့် လည်းကောင်း၊ စက်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၃၈ ရာခိုင်နှုန်းဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံ ထားသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများက တင်ပြလာ သည့် ရင်းနှီးမြှုပ်နှံမှုအဆို ပြုလွှာများအား စိစစ်ခွင့်ပြုခြင်းကိုလည်းကောင်း၊ လက်ရှိရင်းနှီးမြှုပ်နှံသူ များအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှုများကို လည်းကောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။