ရန်ကုန်၊ စက်တင်ဘာ ၄
စက်တင်ဘာ ၃ ရက် နံနက် အစောပိုင်းက မန္တလေးမြို့ပေါ်သို့ PDF အကြမ်းဖက်များက ရည်ရွယ်ချက်ရှိရှိ ရှော့ခ်တိုက်ဒုံးများနှင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူနေအဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့ပြီး ထိုသို့တိုက်ခိုက်မှုအပေါ် မန္တလေးမြို့ခံ ပြည်သူများက ဝေဖန်ကန့်ကွက် ပြောကြား လျက်ရှိသည်။
တိုက်ခိုက်မှုဖြစ်စဉ်အရ စက်တင်ဘာ ၃ ရက် နံနက် ၄ နာရီခန့်တွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး လမ်း ၈၀ ၊ ၁၁ လမ်းနှင့် ၁၂ လမ်းကြား Korea အကြောပြင်တိုက်အပေါ် ဆုံးထပ်သို့ ရှော့ခ်တိုက်ဒုံးတစ်လုံး ကျရောက်ခဲ့ခြင်းကြောင့် အမိုးပျက်စီးခဲ့ပြီး ထပ်မံ၍ အမှတ်(၄) ရဲစခန်း၏ အရှေ့ဘက်တိုက်အပေါ် ထပ်ကိုထိမှန်ပြီး အုတ်နံရံ ပွင့်ထွက်ပျက်စီးခဲ့သည်။ ဆက်လက်၍ ရွှေကျင်တိုးဂိတ်အနီး ကျရောက် ပေါက်ကွဲခဲ့သလို ၈ လမ်းနှင့် ၉ လမ်းကြား ၈၉ လမ်း ညောင်ကွဲရပ်ရှိ လူနေအိမ်ထိမှန်ခဲ့ပြီး အသက် (၃၀)အရွယ် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မြို့ခံသတင်းအရင်းအမြစ်များထံမှ သိရသည်။
"ကျွန်တော်တို့က အကြမ်းဖက် စိတ်ရှိသူတွေ မြို့ကိုဦးတည်တိုက်ခိုက်လာနိုင်တာကို တွက်ဆမိလို့ အရင်လကုန်ပိုင်းကပဲ မန္တလေးလိုသမိုင်းဝင်မြို့ကို မတိုက်ဖို့ ပြည်သူတွေစုရုန်းပြီး ဆန္ဒထုတ် ဖော်ခဲ့ကြတယ်။ ဒါဟာ မြို့ခံလူထုရဲ့ မေတ္တာရပ်ခံတဲ့ သဘောပဲလေ။ ဒါကို မျက်ကွယ်ပြုပြီး ခုလို မနက်ပိုင်းမှာ တိုက်ခိုက်တာဟာ ပြည်သူကို လက်နက်နဲ့ အနိုင်ကျင့်တာပဲ။ မြို့တွင်းကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာပဲ"ဟု မန္တ လေးမြို့ခံ ပြည်သူတစ်ဦးက ပြောသည်။
"ဒီတိုက်ခိုက်မှုက မြောက်ပိုင်း လက်နက်ကိုင်သုံးဖွဲ့ရဲ့ သြဇာခံဖြစ်တဲ့ MDY PDF လက်ချက်လို့ အတိအကျပြောနိုင်တယ်။ ဒီလုပ်ရပ်တွေက မလုပ်သင့်ဘူး။ပြည်သူတွေ အများအပြားနေထိုင်တဲ့ မန္တလေးမြို့ကြီးကို ရောက်ချင်တဲ့နေရာရောက် ပေါက်ကွဲနိုင်တဲ့ ရှော့ခ်တိုက်ဒုံး အသုံးပြုတိုက်ခိုက်တာ ဟာ ပြည်သူကို ဦးတည်တိုက်ခိုက်တာပဲလို့ ပြောချင်ပါတယ်"ဟု မန္တလေးဒေသခံတစ်ဦးက ဆိုသည်။
မန္တလေးမြို့ကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်မှုများမလုပ်ရန် ဒေသခံများက ၂၀၂၄ ခုနှစ် သြဂုတ် ၂၉ ရက် "ယဉ်ကျေးမှုအမွေအနှစ်များ တည်တံ့ဖို့ ဒို့မန္တလေးသားတွေ စောင့်ရှောက်စို့၊ မန္တလေးမြို့ကြီးမပျက်စီးဖို့ မန်းပြည်သူတွေစည်းလုံးစို့"စသည့် ကြွေးကြော်သံများဖြင့် စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ထူးမြတ်