၂၀၂၃ ၊ အောက်တိုဘာ ၁၆
ကိုဗစ်ကပ်ရောဂါအခြေအနေ များကြောင့် မြန်မာ့ရုပ်ရှင်လောက တုံ့ဆိုင်းမှု ဖြစ်ပေါ်ခဲ့သော်လည်း ယနေ့အချိန်အခါ၌ ရုပ်ရှပ်လောကသားများ အနုပညာအလုပ်ကို ပုံမှန်ထက်ပင် ပြန်လည် လုပ်ကိုင်လာနေကြ ပြီဖြစ်၍ ရုပ်ရှင်လောက ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားသည်။
"ဒီနှစ်သက်ကြီးပူဇော်ပွဲမှာ အနုပညာရှင်တွေ အားလုံးနီးပါးတက်ရောက်တဲ့အတွက် ရင်ထဲမှာ ဝမ်းသာပီတိဖြစ်ရပါတယ်။ ဒီရုပ်ရှင်သက်တမ်းကာလ တစ်လျှောက်မှာ ဒီနေ့စင်ပေါ်မှာ အပူဇော်ခံသက်ကြီးပညာ ရှင်များဟာ နိုင်ငံ့အကျိုး၊ ဒေသအကျိုး၊ ပြည်သူ့အကျိုးကို အနုပညာစွမ်းအားနဲ့ စွမ်း ဆောင်ခဲ့တဲ့သူတွေဖြစ်တယ်။ ရိုသေလေးစားစွာ ဂုဏ်ယူကန်တော့ပါကြောင်း နိုင်ငံတော်ကိုယ်စား ပြောကြားလိုပါတယ်။ အခုဆိုရင် ကျွန်တော်တို့ မြန်မာ့ရုပ်ရှင်နဲ့တကွ အနုပညာနယ်ပယ်ကလည်း ကိုဗစ်ရောဂါကြောင့်ရော၊ နိုင်ငံ အပြောင်းအလဲကိစ္စကြောင့်ရော တုံ့ဆိုင်းလုနီးပါးဖြစ်ခဲ့ရပြီး ယနေ့မှာတော့ ပုံမှန်နီးပါးပြန်ရောက်လာပြီလို့ ပြောရမှာဖြစ် ပါတယ်။ တချို့ဆိုရင် ကျွန်တော်ကြားရတာ ပုံမှန်ထက် ပိုပြီးတောင်အနုပညာကို ငတ်မွတ်နေတဲ့ ပြည်သူတွေ တောင်းဆိုချက်အရ အနုပညာရှင်အားလုံး အရင်ထက်ပိုလုပ်ကိုင် နေရတယ်လိုသိရလို့ အင်မတန်မှ ဝမ်းသာတယ်။ မကြာမီမှာလည်း ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်အကယ်ဒမီပေးပွဲ အခမ်း အနားလည်း ဆောင်ရွက်ဖို့ရှိပါတယ်။ နှစ်စဉ်ပြုလုပ်နေကြဖြစ်တဲ့ ဖေဖော်ဝါရီလမှာလုပ်ဖို့ ရည်ရွယ်ထားပါတယ်။ ဒီအခမ်းအနားကို မနှစ်ကလို နေပြည်တော်မှာ စည်ကားသိုက်မြိုက်စွာကျင်းပဖို့ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးနဲ့ ညှိနှိုင်းနေပါတယ်။ အကယ်ဒမီပေးပွဲက အနုပညာရှင်များနဲ့သာ ဆိုင်တာမဟုတ်ပါဘူး။ တစ်နိုင်ငံလုံးက ပြည်သူတွေနဲ့လည်း သက်ဆိုင်ပါတယ်။ ဒါကြောင့် အနုပညာနယ်ပယ်က ပညာရှင်များအနေနဲ့ အောင်အောင်မြင်မြင် ခမ်းခမ်းနားနားဖြစ်အောင် ဆောင်ရွက်ပေးပါလို့ ပြောကြားလိုပါတယ်"ဟု ၎င်းက ပြောသည်။
၁၀၃ နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့ အခမ်းအနားနှင့် (၄၆)ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို အောက်တိုဘာ ၁၃ ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မြန်မာ နိုင်ငံရုပ်ရှင် အစည်းအရုံး(ဗဟို)တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး မြန်မာ့ရုပ်ရှင်နေ့ အခမ်းအနားကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။ အခမ်းအနားတွင် ပြန်ကြားရေး ဝန်ကြီး ဦးမောင်မောင်အုန်းက ဂုဏ်ပြုစကားပြောကြားရာ၌ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။
မကြာသေးခင်က တရုတ်နိုင်ငံက ရိုက်ကူးတင်ဆက်သည့် လူကုန်ကူးသည့် ရုပ်ရှင်ဇာတ်ကားတစ်ခု သည် မြန်မာနိုင်ငံအပေါ် ထိခိုက်စေခဲ့သည့်အတွက် မြန်မာနိုင်ငံသံရုံး ကတစ်ဆင့် တရုတ်နိုင်ငံသံရုံးကို တရားဝင် ကန့်ကွက်စာပို့ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ထပ်မံပြောကြားသည်။
"မကြာသေးမီက တရုတ်နိုင်ငံမှာ ဇာတ်ကားတစ်ကား မီလီယမ်ပေါင်းများစွာရ ပြီးတော့မှ ဝင်ငွေအရဆုံး ဇာတ်ကားတစ်ကား ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒီဇာတ်ကားကတော့ 'No More Best'ဆိုတဲ့ တရုတ်အက် ရှင်ဇာတ်ကားပါ။ ဒီဇာတ်ကားရဲ့ အဓိက ဇာတ်လမ်းကျောရိုးကတော့ လူကုန်ကူးခံရတဲ့ သူတို့ တရုတ်နိုင်ငံသားကို ပြန်လည်ကယ်တင်တဲ့ အက်ရှင်ကားဖြစ်ပါတယ်။ သို့သော်လည်း ရိုက်ကူး တဲ့နေရာတွေကတော့ မြန်မာ၊ ကမ္ဘောဒီးယား၊ ထိုင်းနယ်စပ်တွေမှာ ရိုက်ကူးတဲ့ ပုံစံမျိုးကိုဖန်တီးပြီး တော့မှ မြန်မာစကား ပြောတာတွေပါတယ်။ မြန်မာစာသားနဲ့ ရေးထားတဲ့ ဆိုင်းဘုတ်တွေ၊ နေရာတွေပါတယ်။ ဒီလိုပဲ ကမ္ဘောဒီးယားစကားနဲ့ပြောတဲ့စကား တွေပါတယ်ဆိုတော့ ကျွန်တော်တို့ နိုင်ငံရဲ့ ဒီနေ့သတင်းတု၊ သတင်းမှားတွေကြောင့် အနုပညာလောကကြီးက မှေးမှိန်သလို ကျွန် တော်တို့ နိုင်ငံကြီးက မလာအပ်ဘူးလို့ ပတ်ဝန်းကျင်နိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေယူဆနေတဲ့အချိန်မှာ ဒီဇာတ်ကားသည် ကျွန်တော်တို့နိုင်ငံမှာ မြန်မာနိုင်ငံကြီးက လူကုန်ကူးတဲ့နေရာကြီးလို့ ထင်မြင်သွားနိုင်တဲ့ အနေအထားရှိပါတယ်။ ထင်လည်းထင်ခဲ့ကြပါ ပြီ။ ကျွန်တော် ကူမင်းရောက်တဲ့ အချိန်မှာ တရုတ်နိုင်ငံသားတွေက မြန်မာနိုင်ငံမလာ ချင်ဘူးပြောပါတယ်။ မြန်မာနိုင်ငံက အ သည်းတွေရော၊ နှလုံးတွေရော၊ ကျောက်ကပ် တွေရော ယူတဲ့နေရာကြီး၊ လူကုန်ကူးခံရတဲ့ နေရာကြီး မသွားသင့်ဘူး။ ကြောက်ဖို့ကောင်းတယ်။ ဗန်းစကားတစ်ခု ထွက်လာပါတယ်။ (မင်း သိပ်မပိန်းနဲ့ပိန်းရင် မြန်မာပြည်ပို့ခံရ မယ်)တဲ့ ။ ရယ်စရာဖြစ်ပေမယ့်။ ကျွန်တော် တို့ ဝမ်းနည်းခံစားရပါတယ်။ ကျွန်တော်တို့ ရဲ့ မြန်မာနိုင်ငံကို ဒီလိုမျိုး အထင်သေးမှုရောက်အောင် အနုပညာတစ်ခုက ဖန်တီးပါတယ်။ ဒါနဲ့ပတ်သက်လို့ မြန်မာနိုင်ငံသံရုံးကတစ်ဆင့် တရုတ်နိုင်ငံသံရုံးကို တရားဝင်ကန့် ကွက်သလို တရုတ်မီဒီယာတွေကို ကျွန်တော်တို့ ဖိတ်ခေါ်ထားပါတယ်။ ကမ္ဘောဒီးယား နိုင်ငံကလည်း တရုတ်နိုင်ငံကို ကန့်ကွက်ပါတယ်။ အဲ့ဒီဇာတ်ကားကို သူတို့နိုင်ငံမှာပြသ ခွင့်မပေးပါဘူး"ဟု ၎င်းက ပြောသည်။
အဆိုပါ ရုပ်ရှင်သက်ကြီးပူဇော်ပွဲ အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက လှူဒါန်းငွေကျပ် သိန်း ၁၀၀၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ကျပ်သိန်း ၂၀၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကျပ် သိန်း ၁၅၀၊ မင်္ဂလာရုပ်ရှင်ရုံများ မိသားစုက ကျပ် ၁၇ သိန်း၊ Forever Group မှ ကျပ် သိန်း ၇၀ နှင့် ရွှေသံလွင်မီဒီယာ Skynet မိသားစုက ကာလတန်ဖိုး ၁၆၃ သိန်းဖိုးရှိ Skynet DTH စက်များနှင့် ခြောက်လစာကြည့် ရှုခွင့်တို့ကို အသီးသီးလှူဒါန်းခဲ့ကြပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယကကြီး များနှင့် ဥက္ကဋ္ဌတို့က လက်ခံရယူခဲ့ကြသည်။
အခမ်းအနားသို့ အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီခန့်စည်သူ၊ အကယ်ဒမီ ရဲအောင်၊ အောင်ရဲလင်း၊ အကယ်ဒမီ မေ သန်းနု၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ အကယ် ဒမီခိုင်သင်းကြည်၊ ဆောင်းယွန်းစံ၊ ရေကြည် ချမ်းမြ၊ ဆောင်းအိန္ဒြေထွန်း၊ အကယ်ဒမီ ဝါဝါအောင်နှင့် အနုပညာရှင်များစွာ တက်ရောက်ခဲ့ကြပြီး စတုဒိသာ ဆိုင်ခန်းပေါင်း ၄၀ ကျော်မှ စားသောက်ဖွယ်ရာများဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြသည်။