၂၀၂၃ အောက်တိုဘာ ၉
ရုရှားနိုင်ငံမှ မြန်မာ့စိုက်ပျိုးရေးထွက်ကုန်များဖြစ်သည့် ဆန်၊ ဆန်ကွဲ၊ ပြောင်းနှင့် ပဲတီစိမ်းများကို တိုးမြှင့်ဝယ်ယူ သည့်အပြင် မြန်မာ့ကော်ဖီကိုပါ ဝယ်ယူရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံကော်ဖီအသင်း မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ရုရှားနိုင်ငံဈေးကွက်တွင် လာမည့်ကော်ဖီရာသီ၌ တင်ပို့ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး မြန်မာ့ကော်ဖီများသည် နိုင်ငံတကာ ဈေးကွက်များတွင် တစ်တန်လျှင် ကန်ဒေါ်လာ ၅၅၀၀ မှ ၈၃၀၀ ထိဈေးနှုန်းရှိကြောင်း၊ မြန်မာနိုင်ငံတွင် နှစ်စဉ်ကော်ဖီတန်ချိန် ၈၀၀၀ မှ ၁၀၀၀၀ ကြားထွက်ရှိနေပြီး ပြည်ပသို့ ကုန်ကြမ်းအဖြစ်သာ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ပြည်ပဖောက်သည် ဈေးကွက်နိုင်ငံများအနေဖြင့်လည်း မြန်မာ့ကော်ဖီ ကုန်ကြမ်းကို ဝယ်ယူ၍ ကုန်ချော အဖြစ် အဆင့်မြှင့်တင်ကာ ပြန်လည်ဖြန့်ဖြူး ရောင်းချနေကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ရုရှားနိုင်ငံနှင့် ကုန်သွယ်ရေး မိတ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် ပို့ကုန်ကန်ဒေါ် လာ ၇ ဒသမ ၆၀၁ သန်း၊ သွင်းကုန် ကန်ဒေါ်လာ ၇ ဒသမ ၁၅၇ သန်း စုစုပေါင်းကုန် သွယ်မှု ကန်ဒေါ်လာ ၁၄ ဒသမ ၇၅၈ သန်း ဖိုး ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် ကုန်ခဲ့တဲ့ ဧပြီလမှ သြဂုတ်လအထိ ငါးလတာအတွင်းမှာ ပို့ကုန်တန်ဖိုးသည် ကန်ဒေါ်လာ ၂၀ ဒသမ ၉၈၈ သန်း၊ သွင်းကုန်တန်ဖိုးသည် ကန်ဒေါ်လာ ၁၈ ဒသမ ၈၉၁ သန်း၊ စုစုပေါင်း ကုန်သွယ်မှု ကန်ဒေါ်လာ ၃၉ ဒသမ ၈၇၉ သန်းဖိုး ဆောင်ရွက်ထားနိုင်ကြောင်း သိရှိရသည်။
မြန်မာ့ကော်ဖီသည် ဆွစ်ဇာလန်၊ တရုတ်၊ ထိုင်ဝမ်၊ ထိုင်း၊ အမေရိကန်၊ ဗြိတိန်၊ အိုက်စလန်၊ တောင်ကိုရီးယား၊ ဂျပန်၊ ဂျာမနီနှင့် UAE နိုင်ငံနှင့် ဒေသများသို့ တင်ပို့ရောင်းချလျက်ရှိရာ ၂၀၂၁-၂၂ ခုနှစ်တွင် ကော်ဖီတန်ချိန် ၁၁၀၀ ခန့် တင်ပို့ရောင်း ချခဲ့ကြောင်း၊ ကော်ဖီတင်သွင်းမှုအနေဖြင့် ကော်ဖီစေ့၊ Coffee Mix နှင့် Coffee Powder ပုံစံသုံးမျိုး ၁၂၅၀ဖြင့် တင်သွင်းလျက်ရှိပြီး Coffee Mix 1250 တန်ခန့်နှင့် Coffee Powder ၄၅၀၀ တန်ခန့် တင်သွင်းခဲ့ရကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာနမှ သိရသည်။
လက်ရှိတွင် ပြင်ဦးလွင်ဒေသနှင့် ရှမ်းပြည်နယ် ရွာငံ၊ ဟိုပုံး၊ ပင်လောင်းဒေသများမှ စိုက်ပျိုးထွက်ရှိသည့် မြန်မာ့အာရေးဗီးကား ကော်ဖီသည် အထူးတန်းဝင် ကော်ဖီအဆင့်ရခဲ့မှုနှင့်အတူ ကော်ဖီဈေးနှုန်းများမှာ လည်း ဈေးပိုမိုရရှိနေပြီဖြစ်ကြောင်း သိရှိရ သည်။