ရွေးကောက်ပွဲကို နှောင့်ယှက်ဖျက်ဆီးမည့်သူများ ရှိနိုင်သော်လည်း သူ့အလုပ်သူလုပ်၊ ကိုယ့်အလုပ်ကိုယ်လုပ်မည်ဟု ဒူးလေးပါတီ ဥက္ကဋ္ဌပြော

နေပြည်တော်၊ သြဂုတ် ၂၈
    ရွေးကောက်ပွဲကို နှောင့်ယှက် ဖျက်ဆီးမည့်သူများ ရှိနိုင်သော်လည်း ရရာနည်းလမ်းဖြင့် ပါဝင်သွားမည်ဖြစ်ကြောင်း လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)ဥက္ကဋ္ဌ ဦးလီပေါ်ရဲ့ က ပြောသည်။
    "မြစ်ကြီးနား၊ ဝိုင်းမော် ၊ တနိုင်း၊ ပူတာအို၊ မချမ်းဘော၊ ခေါင်လန်ဖူးစတဲ့နေရာတွေကတော့ အေးအေးချမ်းချမ်းပါပဲ။ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် တချို့မြို့နယ် တွေလုပ်လို့ရတဲ့ အခြေအနေရှိပါတယ်။ ကျွန်တော်တို့ပါတီက လောလောဆယ် စည်းရုံးရေးလောက်ပဲ လုပ်နေတယ်။ စည်းရုံးရေးဆိုတာ လက်ဖက်ရည်ကြမ်းဆွေးနွေး စည်းရုံးတာမျိုးပါ။ လူစုလူဝေးကြီးနဲ့တော့ မဟုတ်ဘူး။ မြို့နယ်တော် တော်များများမှာတော့ တည်ငြိမ်တဲ့နေရာတွေမှာ စည်းရုံးမှုတွေ လုပ်နေပါတယ်။ ကျွန်တော်တို့ပါတီက ရွေးကောက်ပွဲကျင်းပမယ်ဆိုရင်တော့ ပါဝင်ဖို့ အဆင်သင့်ရှိပါတယ်။ မဝင်လို့လည်းမရဘူးလေ။ ဥပဒေအရ ရွေးကောက်ပွဲမဝင်ရင် ဆက်လက်ရပ်တည်လို့မရဘူး။ အလားအလာ ကောင်းမယ့် မြို့နယ် တွေကနေ ဝင်ပြီးယှဉ်ပြိုင်မှာပါ။ နှောင့်ယှက်ဖျက်ဆီးမယ့်သူ တွေကတော့ ရှိမှာပဲ။ ဒါပေမဲ့ ကျွန်တော်တို့ လည်း ကိုယ်လုပ်နိုင်တဲ့ နည်းလမ်းနဲ့ ကြိုးပမ်းမှာပါ။ သူ့အလုပ်သူလုပ်၊ ကိုယ့်အလုပ် ကိုယ်လုပ် ဒီလိုပဲသွားရမှာပါ"ဟု ၎င်းကပြော သည်။ 
    လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၂၀၂၃ ခုနှစ် မေ ၅ရက်က ပြန်ကြားထားပြီး ကချင်ပြည်နယ်အတွင်း စည်းရုံးမည့် ပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု ထားသည်။ 
    လာမည့် ၂၀၂၅ နိုဝင်ဘာလတွင် ရွေးကောက်ပွဲပြုလုပ်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံရေးပါတီများအနေဖြင့်လည်း ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားကြရန် UEC က တိုက်တွန်းပြောဆိုထားကြောင်း သြဂုတ်လ ၂၄ရက်က သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်သူတချို့ထံမှ သိရသည်။ 
ကွန်းဈာန်

Total Views ~ 143

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43401

© 2022 - 2025 News. All Rights Reserved.