ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသကိုသာမက နိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိသည်အထိ ကြိုးပမ်းဆောင်ရွက်သွားမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြား

နေပြည်တော်၊ မတ် ၆
    ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသကိုသာမက နိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိသည်အထိ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြား သည်။ 
    "ရှမ်းပြည်နယ်(မြောက်ပိုင်း) အခြေအနေနဲ့ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့ လက်ရှိ နေရာများရဲ့ လုံခြုံရေးနဲ့ လာရောက်ခိုလှုံနေတဲ့ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးကို ဦးစားပေး စဉ်းစားပြီး စွန့်ခွာခဲ့ရတာ ရှိပါတယ်။ ဒါကို MNDAA ၊ TNLA သောင်းကျန်းသူ ပူးပေါင်းအဖွဲ့တွေနဲ့ နောက်ကွယ်ကနေ အားပေးအားမြှောက် ပြုနေတဲ့ ပြည်တွင်း၊ ပြည်ပက လောက်ကောင်တွေနဲ့ ချိတ်ဆက်ပြီး သူတို့ကို ခိုင်းစေတဲ့ နိုင်ငံများရဲ့အလိုကျ မြန်မာပြည်သူလူထု စိတ်မချမ်းမသာ ဖြစ်အောင် အင်အားလျော့လာအောင် ဝါဒဖြန့်ချိတာတွေ လုပ်ဆောင်နေ ပါတယ်။ ကျွန်တော်တို့အနေနဲ့ လက်နက် ကိုင်ပဋိပက္ခကို နိုင်ငံရေးအရမဖြေရှင်းဘဲ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ဖြေရှင်းနေမှုတွေ ကို ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း တစ်ခုအနေနဲ့ လုံးဝလက်ခံလို့မရတာကြောင့် ဘုံရန်သူအဖြစ် သတ်မှတ်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသကိုသာ မဟုတ်ဘဲ နိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိတဲ့ အထိ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မြန်မာပြည်ကြီး တည်ငြိမ်အေးချမ်းဖို့ အသက်၊ သွေး၊ ချွေးများ ရင်းနှီး ပေးဆပ်ပြီး ကြိုးစားကာကွယ်ပေးကြတဲ့ ခေတ်အဆက်ဆက်က မြန်မာ့တပ်မတော် သားများနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနဲ့ မျိုးချစ်စိတ်ဓာတ်ရှိတဲ့ ပြည်သူများဟာ မြန်မာပြည်ကြီးရဲ့ ဦးဆောင် လမ်းပြတဲ့ သူရဲကောင်းတွေအဖြစ် အမြဲတည်ရှိနေမှာပါ။ အသိအမှတ်ပြု လေးစားအမှတ်ရနေမှာ ဖြစ်ပါတယ်။ မြန်မာ့တပ်မတော်သား တွေရဲ့ မှန်ကန်တဲ့စိတ်ဓာတ်ဇွဲမာန် ပြင်းပြမှုတွေကြောင့် နိုင်ငံတော်မှာ လက်နက်ကိုင်အကြမ်းဖက်တဲ့ လမ်းစဉ်ချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှု အပြည့်နဲ့ ပြည်သူလူထုရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုစီးပွားဘဝတွေ ပြန်လည်တိုးတက်မှုရရှိအောင် ဆောင်ရွက်ပေးသွားရမှာ လည်း ဖြစ်ပါတယ်"ဟု ၎င်းကပြောကြားသည်။ 
    ၂၀၂၄ခုနှစ် သြဂုတ်လ ၅ရက်က နိုင်ငံတော်၏ လုံခြုံရေးဆိုင်ရာအခြေအနေများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ 
သတင်းအဖွဲ့

Total Views ~ 140

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43363

© 2022 - 2025 News. All Rights Reserved.