၂၀၂၃ နိုဝင်ဘာ ၁၃ ရက်
ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် ကုန်သွယ်ရေးလမ်း ကြောင်းအဆင်မပြေ၍ နယ်စပ်မှရွှေအကြမ်းထည်များ ရန်ကုန်နှင့် မန္တလေးမြို့သို့ ဝင်ရောက်မှု နည်းပါးသွားပြီး ရွှေဈေးကွက်အပေါ် အနည်းငယ် သက်ရောက်မှုရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။
"ရှမ်းမြောက်ပိုင်း ဖြစ်နေတဲ့ကိစ္စတွေက ရွှေဈေးကွက်အပေါ် သက်ရောက်မှု အနည်းငယ်တော့ရှိတယ်။ ကျိုင်းတုံတို့၊ တာလီတို့ကနေ ရန်ကုန်ကို ဆင်းတဲ့ပစ္စည်းတွေက အခုမဆင်းနိုင်ဘူးပေါ့။ လမ်းခရီးအခက်အခဲရှိတဲ့ အခါကျတော့။ ဟိုမှာက တူးတဲ့ ဟာတွေရှိတယ်။ တရုတ်ရယ်၊ ကမ္ဘောဒီးယား ရယ်၊ ထိုင်း၊ မြန်မာအစပ်၊ လာအိုတို့ဘာတို့ အစပ်တွေကနေ ထွက်တဲ့ ရွှေတွေက ဒီဘက်ကို၊ ရန်ကုန်ဘက်ကို ပြန်လာတာတွေ ရှိတယ်။ မန္တလေးပြန်လာတာရှိတယ်။ ဒီဘက်မှာ အချောထည်လုပ်တာ။ ဟိုက အကြမ်းထည်ပေါ့။ အကြမ်းထည်ကို ရန်ကုန်၊ မန္တလေးမှာ အချောထည်လုပ်ကြတယ်။ အဲဒါတွေလည်း အဝင်နည်းသွားတယ်ပေါ့။ ခါတိုင်းက အဲဒီဘက်တွေက ထိုက်သင့်သလောက်တော့ ဝင်နေတာပဲ။ ထွက်သမျှ အားလုံးတော့တို့ ဆီကိုမလာဘူး။ အဲဒီဘက်မှာလည်း ချမ်း သာတဲ့သူတွေ အများကြီးရှိကြတာကိုး။ သူတို့တွေကလည်း ဝယ်စုတာရှိတယ်"ဟု ၎င်းက ပြောသည်။
လတ်တလော အခြေအနေအရ ကမ္ဘာ့ရွှေဈေး ပြန်လည်ကျဆင်းခြင်းကြောင့် မြန်မာ့ရွှေဈေးပါ ပြန်လည်ကျဆင်းလာပြီး ရွှေတစ်ကျပ်သားလျှင် ငွေကျပ်သိန်း ၃၀ အောက်သို့ တဖြည်းဖြည်းချင်း ကျဆင်းနိုင် ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်း ရှင်များ အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ထပ်မံ ပြောကြားသည်။
"ကမ္ဘာ့ရွှေဈေး ပြန်ကျလာတယ်။ ကမ္ဘာ့ဈေးပြန်ကျတော့ ဒီမှာလည်း ကျသွားတယ်။ ပြီးခဲ့တဲ့ တစ်ပတ်တာကာလနဲ့ယှဉ်ရင် သုံးသောင်း၊ လေးသောင်းတော့ကျတယ်။ ပြန်ကျတဲ့အခါမှာ နည်းနည်းတော့ နှေးတယ်။ တက်ဈေးနဲ့ ဝယ်ထားတဲ့ လူတွေက ချက်ချင်း ပြန်မရောင်းကြသေးဘူး။ သိန်း ၃၀ အောက်ကို တဖြည်းဖြည်းတော့ ကျသွားမှာပါ။ ကမ္ဘာ့ဈေးကျရင်တော့ ကျမှာပဲ။ အဲဒါပဲ ပြောလို့ရမယ်။ ကမ္ဘာ့ဈေးကလည်း အစ္စရေးကိစ္စနဲ့ပတ်သက်ပြီးတော့ နည်းနည်းမာတယ်။ အဲဒီမှာကလည်း မပြီးသေးတော့ အဲဒါက အဓိကဖြစ် နေတာပေါ့။ ပြည်တွင်း ကတော့ ဒီဈေးနဲ့ဝယ်လိုအား သိပ်မရှိဘူး။ ရောင်းလိုအားပဲများတယ်။ ရောင်းလိုအား ဆိုတာကလည်း အထည်ပျက်ပေါ့။ ငွေလိုတဲ့ သူကတော့ ဒီဈေးနဲ့ လာရောင်းကြတယ်။ ပြင်ပပေါက်ဈေးက ရွှေလုပ်ငန်းရှင်များအ သင်းကဖွင့်တဲ့ ဈေးအတိုင်းတော့ ရောင်းလို့ မရဘူးပေါ့။ သူ့မှာက ဝန်ဆောင်ခတွေရှိတယ်။ ဥပမာ အလျော့တွက်လက်ခတွေရှိမယ်။ ပစ္စည်းအသစ်တစ်ခုလုပ်ရင်။ အလျော့တွက်လက်ခအပြင်ကို အမြတ်ခွန် ဆောင်ရတယ်။ ရွှေလာဝယ်ရင် တံဆိပ်ခေါင်းကပ် တာတို့ဘာတို့ အဲဒါတွေရှိတယ်။ အဲဒီရွှေက ပန်းထိမ်မှာ လုပ်တဲ့အခါကျတော့ ရွှေကမည်းတာပေါ့နော်။ အဲဒါကို ပြန်ပြန်ပြီးတော့ ရွှေရည်စိမ်ရတယ်။ နောက် ပလာဇာတို့၊ ဘာတို့မှာ ဖွင့်တဲ့သူတွေကလည်း ဆိုင်ခန်းတွေ ငှားရတယ်။ ဝန်ထမ်းတွေခန့်ရတယ်။ ကိုယ်တိုင်ဘယ်သူမှ မလုပ်နိုင်ကြဘူး။ ဆိုင် ခန်းငှား၊ ဝန်ထမ်းခန့် အဲဒီလိုလုပ်ရတာ။ အဲဒီစရိတ်တွေရှိတယ်။ အခုနောက်ပိုင်းကျတော့ မီးစက်ပေါ့။ မီးကမမှန်တဲ့ အခါကျတော့ လုံခြုံရေးအတွက်က ဓာတ်ဆီက တစ်နေကုန် လာဝယ်တဲ့လူမရှိလည်း မောင်းထားရတာ။ အဲဒီစရိတ်တွေရှိတယ်ဆိုတော့ တို့ သတ်မှတ်တဲ့ဈေးအတိုင်းတော့ ရောင်းလို့မရ ဘူး။ ဒီအေ ပါ်မှာ ကုန်ကျစရိတ်တွေ ထပ်ထည့်ပြီး ပေါင်းရတာပေါ့။ တို့ဆီကဖွင့်တဲ့ ဟာသည် အခြေခံဈေးတစ်ခုပဲ"ဟု ၎င်းကဆိုသည်။
နိုဝင်ဘာ ၁၄ ရက်တွင် ပြင်ပဈေး ကွက်ပေါက်ဈေးအရ အခေါက်ရွှေ တစ်ကျပ်သားကို ရောင်း ဈေး ကျပ် ၃၅၅၀၀၀၀ ၊ ဝယ်ဈေး ကျပ် ၃၅၀၀၀၀၀ နှင့် ၁၅ ပဲရည် တစ်ကျပ်သားကို ရောင်းဈေး ကျပ် ၃၃၅၀ ၀၀၀၊ ဝယ်ဈေး ကျပ် ၃၃၀၀၀၀၀ ဖြစ်ပြီး လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေကြောင်း သိရသည်။