၂၀၂၃ စက်တင်ဘာ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း) အင်းလေးဒေသနှင့် တစ်ဆက်တည်းရှိနေသော ရှေးဟောင်းအမွေ အနှစ် စေတီပုထိုးများစွာရှိသော စံကားအင်းဒေသကို ပြည်တွင်းခရီးသွားများ စိတ်ဝင်တစားရှိလာပြီး ပွင့်လင်းရာသီတွင် ယင်းခရီးစဉ်ကိုလာရောက်ရန် ချိတ်ဆက်မှုများရှိနေကြောင်း ပင်လောင်းဒေသခံ ဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ ခွန်လွန်းစိန်ကပြောသည်။
ပင်လောင်းမြို့နယ်ကို အခြေပြု၍ ပင်လောင်းမှ အင်းလေးကန်ခရီးစဉ်၊ ပင်လောင်းမှ စံကားအင်းခရီးစဉ်၊ ပင်လောင်းမှ ကလေးမြို့နယ်အနီး တစ်ဝိုက်ခရီးစဉ်များကို ပွင့်လင်းရာသီတွင် စီစဉ်ပေးထားပြီး ယခင်က ပြည်ပခရီးသွားများ အထူးစိတ်ဝင်စားသည့် ပင်လောင်း-စံကားအင်း ခရီးစဉ်ကို ယခုအခါ ပြည်တွင်းခရီးသွားများ စိတ်ဝင် စားလျက်ရှိကြောင်း သိရသည်။
ထို့အပြင် ပင်လောင်းဒေသတွင် ထောပတ်သီးစိုက်ပျိုးဖြစ်ထွန်းရာ ဒေသဖြစ်သဖြင့် ဒေသတွင်းလာရောက်သူများ စိတ်ဝင်စားသည့် စိုက်ပျိုးမြေ အရောင်းအဝယ် ဖြစ်ထွန်းနေကြောင်း သိရသည်။
"ကျွန်တော်က ပင်လောင်းကို အခြေပြုပြီး ခရီးသွားလုပ်ငန်းလုပ်တယ်။ ဒေသခံလမ်းပြတွေနဲ့ ပို့ဆောင်ပေးတာဖြစ်ပါတယ်။ ခုနှစ်မှာတော့ ပြည်တွင်းခရီးသွားတွေက အင်းလေးထက်စာရင် စံကားအင်းခရီးစဉ်ကို ပိုစိတ်ဝင်စားလာကြတယ်။ စကားအင်း ဒေသကတော့ အလောင်းစည်သူမင်းနဲ့ အာသောကမင်းတို့ တည်ထားတဲ့ ရှေးဟောင်း စေတီတွေရှိတော့ ပိုစိတ်ဝင်စားကြတယ်။ တချို့ခရီးသွားတွေက ပင်လောင်းရာသီဥတု နဲ့ကိုက်ညီတဲ့ စိုက်ပျိုးရေးအတွက် စိုက်ပျိုးမြေဝယ်ယူတာ တွေ ရှိနေတယ်။ နယ်မြေ ဒေသကတော့ အေးချမ်းပါတယ်"ဟု ခွန်လွန်းစိန်က ပြောသည်။
ရှမ်းပြည်နယ်၏ ရှေးဟောင်း ဒေသတစ်ခုဖြစ်သည့် စံကားအင်းသည် အင်းလေးကန်၏ တောင်ဘက်မိုင် ၄၀ အကွာတွင် ဘီလူးချောင်းစီးဆင်းရာ ဒေသဝန်း ကျင်၌တည်ရှိပြီး ညောင်ရွှေမြို့မှတစ်ဆင့် လှေ၊ ကားတို့ဖြင့် သွားရောက်နိုင်ကာ အေဒီ ၁၄၇၉ ခုနှစ်တွင် စတည်ခဲ့တဲ့ စေတီပုထိုးများ ၏ အနုပညာ လက်ရာများရှိပြီး လူသူအရောက်အပေါက်နည်းသည့် နေရာဖြစ်ပြီး စံကားအင်းတွင် လူထုအခြေပြုခရီးသွား လုပ်ငန်း(Samkar CBT)ကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် ဖွင့်လှစ်ခဲ့ပြီး အင်း၏ အလှနှင့် ဒေသခံတို့၏ လူနေမှုဘဝကို ခံစားနိုင်စေရန် ခရီးသွားဧည့်သည်များလာရောက် ကြခြင်း ဖြစ်သည်။