၂၀၂၃ ၊ အောက်တိုဘာ ၂၃
လက်နက်ကိုင် ပဋိပက္ခပြေလည် စေရေးအတွက် နှစ်ဖက်ယုံကြည်ရင်းနှီးသူ များပါဝင်သော ကြားဝင်စေ့စပ် ညှိနှိုင်းဖျန်ဖြေပေးမည့် ငြိမ်းချမ်းရေး သံတမန်အဖွဲ့လို အပ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က မှတ်ချက်ပြုသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၈)နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်၍ ပဋိပက္ခများကို လျှော့ချရပ်စဲပြီး ယနေ့ ရင်ဆိုင်ကြုံတွေ့နေရသည့် နိုင်ငံရေးအကျပ်အတည်းကို ငြိမ်း ချမ်းသောနည်းဖြင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းဖြေရှင်းကြရန် တိုက်တွန်းမှုများနှင့် ပတ်သက်၍ ၎င်းက အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။
"အခုဖြစ်နေတဲ့ အနေအထားကိုကြည့်ရင် ဘယ်လိုရှေ့ဆက်သွားကြမှာလဲဆိုတဲ့ မေးခွန်းက အားလုံးဘက်ကလာတာပေါ့ဗျာ။ အဲဒီလိုလာတဲ့အခါမှာ နိုင်ငံတစ်ခုကို ရပြီးပြီ၊ ဘယ်လိုခိုင်မာတည်မြဲ ငြိမ်းချမ်း ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံသစ်တစ်ခုကို သားသမီးမြေးမြစ်ကို အမွေအပ်နှင်းနိုင်အောင် ကျွန် တော်တို့အချင်းချင်း သဘောထားပြည့်ဝစွာနဲ့ ယုံကြည်မှု ဆက်လက်ခိုင်မာအောင် တည်ဆောက်ကြမှာ လဲဆိုတဲ့ ကျွန်တော်တို့ရဲ့ လိုအပ်ချက်တစ်ခုက ထပ်ပါလာတာပေါ့။ အဲတော့ ဒီလို လက်ရှိအနေအထား မှာ အားလုံး မြင်နေကြတယ်။ တစ်နံတစ်လျားမှာ ဖြစ်နေကြတဲ့ ဥစ္စာအကုန်လုံးကို ပြန်ပြီး စုစည်းနိုင်ပြီး သည်းခံနိုင်တဲ့ အနေအထားတစ်ခု အားလုံးဘက်က ရှိဖို့လိုတယ်။ အဲဒီလို သည်းခံနိုင်တဲ့ အနေအထား နဲ့ လက်ရှိအနေအထားအပေါ်မှာ သဘောပေါက်ကြတဲ့ ပုဂ္ဂိုလ်တွေ၊ နိုင်ငံရေး သံတမန်အားဖြင့်ပေါ့ ဟိုဘက်ဒီဘက်ကို လွန်းပြန်ပြေးကြရမယ့်ကာ လတစ်ခုအဖြစ်တွေ့ရတယ်ပေါ့ဗျာ။ တစ်နည်းအားဖြင့် NCA နဲ့ ပတ်သက်တဲ့ ပုဂ္ဂိုလ်ကြီးတွေနဲ့လည်း ရင်းနှီးတယ်၊ ယုံကြည်ရတဲ့ ပုဂ္ဂိုလ်တွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေမှာပါတဲ့ ခေါင်းဆောင်တွေနဲ့လည်း ယုံကြည် မှုအရ လက်ခံနိုင်တဲ့ ပုဂ္ဂိုလ်တွေပေါ့။ အဲဒီလို ပုဂ္ဂိုလ်တွေပါဝင်တဲ့ နှစ်ဖက်ဖျန်ဖြေနိုင်တဲ့၊ ညှိနှိုင်းနိုင်တဲ့ ကြားဝင်စေ့စပ်ပေးနိုင်တဲ့ အဖွဲ့တစ်ခုရဲ့ လှုပ်ရှားမှုကတော့ လိုအပ်တယ်။ NCA ထိုးတဲ့ ပုဂ္ဂိုလ်တွေ၊ မထိုးသေးတဲ့ ပုဂ္ဂိုလ်တွေနဲ့ပဲဖြစ်ဖြစ် SAC နဲ့ ဆွေးနွေးနိုင်အောင် စသည်ဖြင့်ပေါ့။ အဲဒီမှာ အရင်တုန်းက တပ်မတော်မှာပါခဲ့တဲ့ နိုင်ငံရေး၊ ငြိမ်း ချမ်းရေးမှာပါခဲ့တဲ့ ပုဂ္ဂိုလ်တွေ၊ လက်နက်ကိုင် အဖွဲ့အစည်းမှာ ပါဝင်ခဲ့ပြီးမှ အခုမပါဝင် တော့တဲ့ တော်လှန်ရေး ခေါင်းဆောင်ကြီး တွေပေါ့ဗျာ။ မြန်မာနိုင်ငံသိ၊ ကမ္ဘာသိ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ တွေးခေါ်နေကြတဲ့ ထဲထဲဝင်ဝင်ပါခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေ၊ တတ်သိပညာရှင်တွေပေါ့ဗျာ။ အဲဒီလိုမျိုး အင်အားစု တစ်ခုက SAC နဲ့တွေ့လိုက်၊ NCA ထိုးထား တဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တွေ့လိုက်၊ မထိုးရသေးတဲ့ အဖွဲ့တွေနဲ့တွေ့လိုက် စသည်ဖြင့် အချိန်တိုအတွင်းမှာ လှုပ်ရှားနိုင်တဲ့ ယန္တရား အတွက်ကို လက်ရှိကာလမှာ အကောင်အထည်ဖော်ဖို့လိုတယ်"ဟု ဒေါက်တာအေးမောင်က ဆက်ပြော သည်။
ထို့အပြင် လွတ်လပ်ရေးရပြီးက တည်းက ယခုကာလအထိ ပြန်ကြည့်မည်ဆိုလျှင် NCA စာချုပ်သည် ရခဲသည့် သဘော တူညီမှုဖြစ်ပြီး ဘက်ပေါင်းစုံမှ သဘောထား ပျော့ပျောင်းမှု၊ ယုံကြည်မှု၊ သဘောထားကြီး မှုများကြောင့် ချုပ်ဆိုနိုင်ခဲ့သည့် စာချုပ်ဖြစ် သည်ကိုဆိုသည်။ NCA သည် Ceasefire Agreement တစ်ခုတည်းကို ညွှန်းဆိုခြင်း မဟုတ်ဘဲ NCA စာချုပ်၏ အကောင်အထည်ဖော်ရမည့် လုပ်ငန်းစဉ်များတွင် ငြိမ်းချမ်းရေးအထိ ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။ "တစ်နည်အား ဖြင့် လက်နက်ကို နှစ်ဖက် ဘယ်လိုနောက်ပြန်ဆုတ်ကြမှာလဲ၊ နိုင်ငံရေးပြေလည်မှုရှိတဲ့ ဆွေးနွေးပွဲကြီး တစ်ခု၊ အဲဒီဆွေးနွေးပွဲက ရလာတဲ့ရလဒ်ကို ဘယ်လိုအကောင်အထည်ဖော်မှာလဲ၊ အဲဒါ နဲ့ပတ်သက်လို့ အတင်အချဖြစ်ခဲ့ရင် ဘယ်လို နှစ်ဖက်ဖျန်ဖြေကြမှာလဲဆိုတဲ့ လက်နက်ကိုင် ပဋိပက္ခနဲ့ ပတ်သက်တဲ့ နိုင်ငံရေးရည် မှန်းချက်ကို ဘယ်လိုပေါက်မြောက်အကောင် အထည်ဖော်ကြမှာလဲဆိုတဲ့အထိကို သွားကြတဲ့ စာချုပ်ကြီးဖြစ်ပါတယ်"ဟု NCA နှင့်ပတ်သက်၍ ၎င်း၏ သဘောထားကို ဒေါက်တာ အေးမောင်က ရှင်းပြသည်။
NCA လက်မှတ်ထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (NCA- S EAO)များကလည်း လက်ရှိပဋိပက္ခများကို လျှော့ချရပ်စဲပြီး ယနေ့ ရင်ဆိုင်ကြုံတွေ့နေရ သည့် နိုင်ငံရေးအကျပ်အတည်းကို ငြိမ်းချမ်းသော နည်းဖြင့်တွေ့ဆုံ ဆွေးနွေးညှိနှိုင်းဖြေ ရှင်းကြရန် NCA (၈)နှစ်မြောက် နှစ်ပတ်လည်နေ့က သက်ဆိုင်ရာအဖွဲ့အစည်းအား လုံးကို တိုက်တွန်းခဲ့သည်။