ရန်ကုန်၊ အောက်တိုဘာ ၉
လျှပ်စစ်ရထား (EMU) ပြေးဆွဲနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင် ရွက်သွားကြရန်လိုကြောင်း လျှပ်စစ်ရထားများ ပြေးဆွဲနိုင်ရေးသည် မလွဲမသွေပြောင်းလဲရမည့် လုပ်ငန်းရပ်တစ်ခုဖြစ်ပြီး စီမံကိန်းအောင်မြင်စေရေးအတွက် လိုအပ်သည်များကို ဆက်လက်သုတေသနပြုဆောင်ရွက်သွားရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လမ်းညွှန်မှာ ကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား မြို့ပတ်ဒီဇယ်စက်ခေါင်းရုံ (အင်းစိန်)သို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို အောက်တိုဘာ ၇ ရက်က သွားရောက်ကြည့်ရှုစစ်ဆေးစဉ် နိုင်ငံတော်ဝန်ကြီးချုပ်က အထက်ပါအတိုင်း လမ်းညွှန်မှာကြားခဲ့ခြင်း ဖြစ်သည်။
မိမိတို့အနေဖြင့် အမြန်နှုန်းတစ်နာရီလျှင် ကီလိုမီတာ ၈၀ အထိ မြန်နှုန်းမြှင့်တင် မောင်းနှင်နိုင်ရေး စံသတ်မှတ်ဆောင်ရွက်သွားရန်လိုပြီး ကုန်ရထားတွဲများအား တစ်နာရီလျှင် ကီလိုမီတာ ၆၀ အထိ မောင်းနှင်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ပြီး ဒီဇယ်လျှပ်စစ်သုံး (DEMU) စက်ခေါင်းများ၊ ရထားတွဲများကိုလည်း ပြည်တွင်း၌ တည်ဆောက်ထုတ်လုပ်သုံးစွဲနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မီးရထားစက်ခေါင်းများနှင့် ရထားတွဲများ ကောင်းမွန်ရန်လိုသကဲ့သို့ ရထားလမ်းများ စနစ်တကျဖြင့် ကောင်းမွန်ချောမွေ့မှု ရှိစေရေးကိုလည်း အမြဲမပြတ် ဆောင်ရွက်နေရန်လိုကြောင်း၊ လျှပ်စစ်ရထား (EMU) ပြေးဆွဲနိုင်ရေးအတွက်လည်း ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။
ထို့အပြင် မီးရထားလမ်းပိုင်းများတွင် တစ်နာရီလျှင် ကီလိုမီတာ ၈၀ အထိ မြန်နှုန်းမြှင့်တင် မောင်းနှင်နိုင်ရေးဆောင်ရွက်ရာတွင် အချို့လမ်းပိုင်းအကွေ့နေရာများအား အမြန်နှုန်းကန့်သတ်ချက်များ ကိုက်ညီမှုရှိစေရေး လမ်းပိုင်းအလိုက် သုတေသနပြု ဆောင်ရွက်ရမည်ဖြစ်ပြီး အဆိုပါ အမြန်နှုန်းနှင့် ကိုက်ညီမှုမရှိသည့် ရထားလမ်းနေရာများ၊ တံတားနေရာများကိုလည်း လေ့လာဆန်းစစ်ခြင်းများ ဆောင်ရွက်၍ မိမိတို့နိုင်ငံရှိ လမ်းပိုင်းများနှင့်ကိုက်ညီသည့် အမြန်နှုန်းစံတစ်ခုကို သတ်မှတ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့သည်။
ရထားလမ်းများ ကောင်းမွန်ပြီး အချိန်မှန်မှန်ဖြင့် ပြေးဆွဲနိုင်မည်၊ မြန်နှုန်းမြင့်စွာဖြင့် ပြေးဆွဲနိုင်မည်ဆိုပါက ရထားသယ်ယူပို့ ဆောင်ရေးကို အများပြည်သူများက ပိုမိုသုံး စွဲလာမည်ဖြစ်၍ ရထားများအား သတ်မှတ်အမြန်နှုန်းအတိုင်း မောင်းနှင်နိုင်ရေးအတွက် Level Crossing နေရာများလျှော့ချခြင်း၊ Underpass များ တည်ဆောက်ခြင်းကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရထားလမ်းနယ်များ၌လည်း ဥပဒေ သတ်မှတ်စည်းမျဉ်းစည်းကမ်းများအတိုင်း ဖြစ်ရန်လိုကြောင်း၊ ရထားဘူတာများ၊ ရထားမြေများအား လုံး၌လည်း သွားလာနေထိုင်မှုများအားလုံး စည်းကမ်းစနစ်တကျအတိုင်းဖြစ်ရန်လိုကြောင်း နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လမ်းညွှန်မှာကြားခဲ့သည်။ နဒီ