အမျိုးသားအားကစားပွဲတော်တွင် စည်းကမ်းပိုင်းနှင့် ကစားသမားအရည်အသွေး ကင်းထောက်ကြည့် ရှုခဲ့ဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၂၅
    ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ကစားသမားများ၏ စည်းကမ်းပိုင်းနှင့် ကစားသမားအရည်အသွေး ကင်းထောက် ကြည့်ရှုခဲ့ကြောင်း စည်းကမ်းပိုင်းဆိုင်ရာ စောင့်ကြည့်လေလာခဲ့သူ ဦးထွန်းလှအောင်က ပြောသည်။
    ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးကို ကျင်းပခဲ့ခြင်းသည် ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် ၂၀၂၆ ခုနှစ်အတွင်း ထိုင်းနိုင်ငံတွင် ပြုလုပ်မည့်(၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အား ကစားပြိုင်ပွဲတို့တွင် အောင်မြင်မှုများရရှိရေးအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲမှ ရွေးချယ်ရရှိသည့် အရည်အချင်းမီ အားကစားသမားများကို ပြန်လည်စုဖွဲ့လေ့ကျင့်ပြီး အောင်မြင်စေရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
    "ကျွန်တော်တို့ကတော့ ပြိုင်ပွဲတွင်းမှာ အချင်းများတာတို့၊ ဒိုင်ဆုံးဖြတ်ချက်ကို မကျေနပ်တာတို့အပေါ် စောဒကတက်လာရင် ပြန်ကြည့်ပြီး ဆုံးဖြတ်ရတာပါ။ တစ်ဖက်အသင်းက မကျေနပ်လို့ တိုင်စာတွေပို့လာရင် ဆုံးဖြတ်ပေးရပါတယ်။ ဒိုင်ကော်မတီကနေ စည်းကမ်းထိန်းသိမ်းရေး သဘောမျိုးပါပဲ။ ကစားသမား အရည်အသွေးကိုကြည့်ပြီး ရွေးချယ်တာကတော့ ဦးကြည်လွင်တို့ ဦးဆောင်ပြီး ရွေးချယ်ရေးအဖွဲ့က သက်သက်ဖွဲ့ပါတယ်။ ကျွန်တော်တို့ကတော့ ခုံသမာဓိအဖွဲ့ငါးဦးဖွဲ့စည်း ဆောင်ရွက်ခဲ့ပါတယ်။ ရွေးချယ်ရေးအဖွဲ့ကတော့ အနာဂတ်အတွက် လူငယ်တွေကို အဓိကထား ရွေးချယ်ခဲ့ကြပါတယ်"ဟု ခုံသမာဓိအဖွဲ့ဝင် ဦးထွန်းလှအောင်က ပြောသည်။
    ပထမအကြိမ် အမျိုးသားအားကစားပွဲတော်ကို ၁၉၉၂ ခုနှစ်တွင် မေ ၃ ရက် မှ ၁၆ ရက်အထိ ရန်ကုန်မြို့၌ အားကစားနည်း ၂၂ နည်း ဖြင့်လည်းကောင်း၊ ဒုတိယ အကြိမ်ကို ၁၉၉၄ ခုနှစ်တွင် ဇန်နဝါရီ ၂၅  ရက်မှ ဖေဖော်ဝါရီ ၆ ရက်အထိ ရန်ကုန်မြို့၌ အားကစားနည်း ၂၄ နည်းဖြင့်လည်းကောင်း၊ တတိယအကြိမ်ကို ၁၉၉၇ ခုနှစ်တွင် ဇန်နဝါရီ ၁၁ ရက်မှ ၂၄ ရက်အထိ ရန်ကုန်မြို့၌ အားကစားနည်း ၂၉ နည်းဖြင့် လည်းကောင်း၊ စတုတ္ထအကြိမ်ကို ၂၀၁၅ ခုနှစ်တွင် ဖေဖော်ဝါရီ ၁၃ ရက်မှ ၂၈ ရက် အထိ နေပြည်တော်၌ အားကစားနည်း ၂၇ နည်းဖြင့်လည်းကောင်း ကျင်းပခဲ့ပြီး ဖြစ် သည်။
    ၂၀၂၄ ခုနှစ်တွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို နိုင်ငံတော်၏ အားကစားအဆင့်အတန်း ပိုမိုတိုးတက် မြင့်မားလာစေရန်၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင် အောင်မြင်မှု ရရှိစေရန်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အဆင့်မီ အားကစားသမားများနှင့် အလားအလာရှိသော လူငယ်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၊ ဝန်ကြီးဌာနများအကြား အားကစားလှုပ်ရှားမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်လာနိုင်စေရန်၊ ပြည်သူလူထု တစ်ရပ်လုံးအားကစားကို ပိုမိုစိတ်ပါဝင် စားလာပြီး အားကစားလှုပ်ရှားမှုများတွင် ပါဝင်လာစေရန် နေပြည်တော်၌ ဝန်ကြီးဌာနအဆင့် အားကစားနည်းခြောက်နည်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် အားကစားနည်း ၂၃ နည်းနှင့် မသန်စွမ်း အားကစားနည်း လေးနည်း၊ စုစုပေါင်း ၃၃ နည်းတို့ဖြင့်  အားက စားသမား၊ အုပ်ချုပ်သူ၊ နည်းပြ၊ ဒိုင်ဂျူရီ စုစုပေါင်း ၁၀၀၀၀ ကျော် ပါဝင်ခဲ့ကြသည်။ ထူးမြတ်

Total Views ~ 131

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43333

© 2022 - 2025 News. All Rights Reserved.