Breaking

အလုပ်ရှင်၊အလုပ်သမား အငြင်းပွားမှုကို ညှိနှိုင်းဖျန်ဖြေ၍ ကျပ်သန်းပေါင်း ၁၄၈ ဒသမ ၃ သန်း၊ အမေရိကန် ဒေါ်လာ ၄၈၀၀၀ နှင့် အလုပ်သမားဦးရေ ၃၆၃ဦးကို ခံစားခွင့်ရရှိစေခဲ့ကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ်ပြော

၂၀၂၃ အောက်တိုဘာ ၁၆
    ရန်ကုန်တိုင်းရှိ (ကိုကိုးကျွန်းမှအပ)မြို့နယ် ၄၄ မြို့နယ်တွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာလ အထိ အငြင်းပွား မှုပေါင်း ၁၅၀)ကို ညှိနှိုင်းဖျန်ဖြေပေးခဲ့ပြီး ကျပ်သန်းပေါင်း ၁၄၈ ဒသမ ၃ သန်း၊ အမေ ရိကန်ဒေါ်လာ ၄၈၀၀၀ နှင့် အလုပ်သမား ဦးရေ ၃၆၃ ဦးကို ခံစားခွင့်ရရှိစေခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း က ပြောသည်။
    "အလုပ်ရှင်၊ အလုပ်သမားအငြင်း ပွားမှုများကို ဥပဒေနဲ့အညီ ဆောင်ရွက်နေကြတဲ့ မြို့နယ်ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့၊ ခုံသမာဓိကောင်စီအဖွဲ့တွေက ဖြေရှင်းခဲ့ကြတဲ့ အငြင်းပွားမှုတွေမှာ ရန်ကုန်တိုင်းက (ကိုကိုး ကျွန်းမှအပ)မြို့နယ် ၄၄ မြို့နယ်မှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာလအထိ အငြင်းပွားမှုပေါင်း ၁၅၀ ကို ညှိနှိုင်းဖျန်ဖြေ ပေးခဲ့ပြီး ဖြစ်ပါတယ်။ ကျပ်သန်းပေါင်း ၁၄၈ ဒသမ ၃ သန်း၊ အမေရိကန်ဒေါ်လာ ၄၈၀၀၀ နဲ့အလုပ်သမား ဦးရေ ၃၆၃ ဦးကို ခံစားခွင့်ရရှိစေခဲ့ပါတယ်။ ပြည့်စုံကောင်းမွန် တဲ့ လုပ်ငန်းခွင်ဖြစ်စေဖို့ အလုပ်ရှင်၊ အလုပ် သမားအကြား မပြေလည်မှု၊ နစ်နာမှုများရှိပါ က ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့နဲ့ ညှိနှိုင်းဆောင် ရွက်ကြပါ။ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ တွေကလည်း အလုပ်ရှင်၊ အလုပ်သမားများ အားထားရတဲ့ အဖွဲ့များဖြစ်အောင် ကြိုးစားပေးကြပါ။ ဥပဒေနှင့်အညီဆောင်ရွက်ပေး ခြင်းဖြင့် အငြင်းပွားမှုများ လျော့နည်းအောင် ဆောင်ရွက် ပေးကြပါ"ဟု ၎င်းကပြောသည်။ 
    အောက်တိုဘာလ ၁၄ ရက်က အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်း ရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ကုန်သည် စက်မှုအသင်းချုပ်၌ ကျင်းပရာ  အလုပ်သ မားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်း၊ အထွေထွေအတွင်း ရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ ဌာနဆိုင်ရာမှတာဝန် ရှိသူများ၊ ခုံသမာဓိကောင်စီဝင်များ၊ မြို့နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် ရန်ကုန်တိုင်းဒေ သကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အထက်ပါအတိုင်းထည့်သွင်းပြောကြားခြင်းဖြစ်သည်။
    အလုပ်ရှင်-အလုပ်သမားအငြင်း ပွားမှုဖြစ်ရခြင်းအများစုမှာ အလုပ်ရပ်နားခံရမှု၊ အုပ်ချုပ်သူနှင့် အလုပ်သမားအကြား လုပ်ငန်းခွင်ဆက်ဆံရေးမပြေလည်မှု၊ လစဉ်ကြေး၊ ရက်မှန်ကြေး တောင်းဆိုမှု၊ စက်ရုံပိတ် သိမ်းမှု၊ အင်အားလျှော့ချခံရမှု စသည်တို့ ကြောင့် အငြင်းပွားမှုများအဖြစ်များခြင်းဖြစ် ကြောင်း သိရသည်။
    အဆိုပါဆွေးနွေးပွဲတွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က "လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်လာဖို့အတွက် အလုပ်သမားရေးရာနဲ့ပတ်သက်ပြီး အခက်အခဲများ၊ လိုအပ်ချက်တွေ ဖြစ်ပေါ်လာရင် လုပ်ငန်းခွင်အတွင်းမှာ အလုပ်ရှင်၊ အလုပ်သမား ကနဦးဆွေးနွေးပြီး ပြေလည်မှုရရှိသွားတာဟာ အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။ အလုပ်ရှင်၊ အလုပ် သမားဆက်ဆံရေး ကောင်းမွန်ခြင်းက နှစ်ဦးနှစ်ဖက် အကျိုးကျေးဇူးများ ရရှိနိုင်ပါတယ်။ အကယ်၍ ပြေလည်မှုမရရှိပါက သက်ဆိုင်ရာမြို့နယ်မှာရှိသည့် ညှိနှိုင်းဖျန် ဖြေရေးအဖွဲ့များတွင် တိုင်ကြားနိုင်ပါတယ်"ဟု ပြောသည်။
    အလုပ်ရှင်၊ အလုပ်သမား အငြင်း ပွားမှုတွင် အခွင့်အရေးဆိုင်ရာ အငြင်းပွားမှု နှင့် အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုဟူ၍ အမျိုးအစားနှစ်မျိုးရှိပြီးအခွင့်အရေးဆိုင်ရာ အငြင်းပွားမှု ပေါ်ပေါက်လာပါက သက်ဆိုင် ရာမြို့နယ်ဦးစီးဌာနများက တည်ဆဲအလုပ် သမားဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
    အကျိုးစီးပွားအငြင်းပွားမှုကို  မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့က ဖျန်ဖြေပေးမည်ဖြစ်ပြီး ပြေလည်မှုမရှိသော ကိစ္စရပ်များကို ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက် ကို ခံယူကြရကြောင်းနှင့် ခုံသမာဓိကောင် စီက အလုပ်သမားရေးရာ အငြင်းပွားမှုဖြေ ရှင်းခြင်းတွင် နောက်ဆုံးအဆင့်ဖြစ်ကြောင်း ကျေနပ်မှုမရှိပါက  နိုင်ငံသားတစ်ဦး၏ အခွင့်အရေးအရ ပြည်ထောင်စုတရားလွှတ် တော်ချုပ်တွင် လျှောက်ထားခွင့်ရှိကြောင်း သိရသည်။
    ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် စက်ရုံ၊ အလုပ်ရုံ ၇၂၆၈ ရုံ၊ အလုပ်သ မားဦးရေ ခုနစ်သိန်းနီးပါး အင်အားရှိပြီး လုပ်ငန်းခွင်ဆက်ဆံရေး မပြေလည်မှု၊ စက်ရုံပိတ်သိမ်းခြင်း၊ အလုပ်ထုတ်ပယ်ခြင်းတို့ကြောင့် အငြင်းပွားမှုများ ဖြစ်ပေါ်လျက်ရှိ ကြောင်း သိရသည်။

 

Total Views ~ 204

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45056

© 2022 - 2025 News. All Rights Reserved.