အိုမန်ရောက် မြန်မာအိမ်အကူအမျိုးသမီးများ၏ လစာများ လိမ်လည်ခံရ

ရန်ကုန်၊ ဇူလိုင် ၂
    အိုမန်နိုင်ငံသို့ရောက်ရှိနေသော မြန်မာအိမ်အကူအမျိုးသမီးများ၏ လစာများကို မြန်မာအမျိုးသမီးတစ်ဦးက လိမ်လည်ရယူသွားခဲ့ကြောင်း လိမ်လည်ခံရသူများ၏ လူမှုကွန်ရက်ရေးသားချက်များအရ သိရသည်။
    အဆိုပါ လိမ်လည်သူမှာ ရခိုင်ပြည်နယ် တောင်ကုတ်မြို့ သိမ်တောင်ရက်ကွက်နေ ဦးသိန်းနိုင်နှင့် ဒေါ်မြင့်မြင့်သန်းတို့ နှင့်သမီးဖြစ်သူ မစုစန္ဒာလင်းတို့သည် အိုမန်ရောက် မြန်မာအိမ်အကူအမျိုးသမီးများ၏ လစာငွေများကို လိမ်လည်သွားခဲ့ခြင်းဖြစ်သည်။
    "အိုမန်ရောက်နေတဲ့ လုပ်သားအမျိုးသမီးတွေက လိမ်လည်သူ စုစန္ဒာလင်းဆီ ငွေလွှဲပါတယ်။ ဟိုက တမင်ရည်ရွယ်ချက် ရှိရှိ၊ အကွက်ချချ ချက်ကောင်းရိုက်ပြီး အစုလိုက်အပြုံလိုက်ငွေတွေ လိမ်သွားပါတယ်။ ဒါကြောင့် လိမ်လည်သူနဲ့ သူ့ရဲ့မိဘတွေကို မိအောင်ဖမ်းဖို့ အလုပ်ရှင်တွေကတစ်ဆင့် အကူအညီ တောင်းခံထားပါတယ်"ဟု လိမ်လည်ခံရသူတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။
    ထို့အပြင် လိမ်လည်ခံရသူအမျိုးသမီးတစ်ဦးကလည်း "ဒီအမျိုးသမီးက အိုမန်နိုင်ငံတွင် ပင်ပန်းကြီးစွာနဲ့ ရိုးသားစွာ အိမ်အလုပ်လုပ်သော မြန်မာအမျိုးသမီး တော်တော်များများရဲ့ ငွေများကိုယူ ဆောင်ပြီး သူ့အကောင့်က ပိုစ့်တွေဖျက်အကုန် အစအနမကျန်အောင် ဖျက်ပြီး ထွက်ပြေးတိမ်း ရှောင်နေပါသဖြင့် ဒီအမျိုးသမီးနှင့် သူ၏ မိဘများကိုတွေ့ရှိပါက အကြောင်းကြားပေးကြပါရှင့်၊ ဒီမိန်းမက သူ့အဖေနဲ့ပေါင်းပြီး အိုမန်-မြန်မာငွေလွှဲကို လူယုံကြည်အောင်လုပ်ပြီး အခုတော့ ကျွန်မအပါ အိုမန်အိမ်အကူတွေရဲ့ လစာတော်တော်များများ ယူဆောင်ထွက်ပြေး တိမ်းရှောင်သွားပါသဖြင့် တွေ့ရှိပါက အကြောင်းကြားပေးပါရှင့်၊ မေတ္တာရပ်ခံအပ်ပါတယ်"ဟု လူမှုကွန်ရက်တွင် ငွေကြေးလိမ်လည်သွားသူ၏ မိသားစုဓာတ်ပုံ ကိုတင်ကာ ဖြန့်ဝေထားသည်။
    လိမ်လည်ခံရသူများ၏ စုံစမ်းရေးသားချက်များအရ လိမ်လည်သူနှင့်မိသားစုမှာ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် တိမ်းရှောင်နေပြီး ဖမ်းဆီးရမိရေး ကူညီပေးကြရန် အကူအညီတောင်း ခံစာများ လူမှုကွန်ရက်တွင် ရေးသားထားသည်။ ထူးမြတ်

Total Views ~ 16

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

46118

© 2022 - 2025 News. All Rights Reserved.