ပြည်သူလူထု၏ လူမှုအကျိုးစီးပွားဖြစ်မည့် နိုင်ငံများနှင့်ဦးစားပေး ဆက်ဆံသွားမည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

ရန်ကုန်၊ ဇူလိုင် ၁ 
    နိုင်ငံအားလုံးနှင့် ဆက်ဆံသည့်နေရာတွင် နိုင်ငံအတွက်၊ ပြည်သူလူထု၏ လူမှုအကျိုးစီးပွားအတွက် လက်တွေ့အကျိုးစီးပွားဖြစ်နိုင်သည့်နိုင်ငံများနှင့် ဦးစားပေးပြီး ဆက်ဆံသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင်  ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
    နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ဘီလာရုစ်နိုင်ငံ မင့်စ်မြို့၌ ပြုလုပ်ခဲ့သည့် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ် (EEF 2025) ကို တက်ရောက်ခဲ့ပြီး ဇွန် ၂၉ ရက်က နေပြည်တော် တပ်မတော် လေဆိပ်သို့ ပြန်လည်ရောက်ရှိစဉ်ခရီးစဉ်နှင့်ပတ်သက်၍ သတင်းမီဒီယာများ၏ မေးမြန်းမှုများအပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
    "ကျွန်တော်တို့ မြန်မာနိုင်ငံက ကျင့်သုံးနေတဲ့ နိုင်ငံခြားရေးမူဝါဒက လွတ်လပ်တက်ကြွပြီး ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူ ဝါဒဖြစ်တယ်။ ကျွန်တော့်အနေနဲ့ နိုင်ငံတကာဆက်ဆံရေးမှာဆိုရင် နိုင်ငံအားလုံးကို မိတ်ဆွေအဖြစ် မိတ်ဝတ်မပျက် ဆက်ဆံမှာ ဖြစ်တယ်။ သို့သော် ကျွန်တော်တို့အနေနဲ့က နိုင်ငံအားလုံးနဲ့ ဆက်ဆံတဲ့နေရာမှာ ကိုယ့်ကိုပိုပြီး အကျိုးပြုမယ့်နိုင်ငံ၊ ကိုယ့်နိုင်ငံအတွက်၊ ကိုယ့်ပြည်သူ လူထုရဲ့လူမှုအကျိုးစီးပွားအတွက် လက်တွေ့အကျိုးစီးပွားဖြစ်နိုင်တဲ့ နိုင်ငံတွေနဲ့ ဦးစားပေးပြီး ဆက်ဆံသွားရမှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်မှာလည်း မြန်မာပြည်သူလူထု၊ မြန်မာနိုင်ငံ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်တဲ့ လမ်းစကောင်းတွေကို ရရှိခဲ့တယ်လို့ ကျွန်တော်မြင်ပါတယ်"ဟူ၍ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။
    ထို့အပြင် ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ (EAEU) ကို ၂၀၁၅ ခုနှစ်တွင်  စတင်ထူထောင်ခဲ့ခြင်းနှင့် ပတ်သက်ပြီး "မြန်မာနိုင်ငံကတော့ ၂၀၂၂ ခုနှစ်ကနေစပြီးတော့ EAEU နဲ့ ဆက်သွယ်ခဲ့တယ်။ ၂၀၂၂ ခုနှစ်မှာ EAEU ရဲ့ EEC အဖွဲ့ပေါ့။ EEC ဆိုတာ ဥရောပ-အာရှ စီးပွားရေးအဖွဲ့ပေါ့။ အဲဒီအဖွဲ့က ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို ရောက်ရှိခဲ့တယ်။ ရောက်ရှိခဲ့ပြီးတော့ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ တွေ့ပြီးတော့ ကဏ္ဍပေါင်းစုံမှာ မြှင့်တင်နိုင်ရေး၊ ကဏ္ဍပေါင်းစုံဆက်ဆံမှု မြှင့်တင်နိုင်ရေးကိုဆောင်ရွက်ခဲ့တယ်။ ၂၀၂၃ ခုနှစ်မှာ ပိုပြီးတော့ အရှိန်အဟုန်ကောင်းစွာ ဆောင်ရွက်နိုင်ခဲ့တယ်။ ၂၀၂၃ ခုနှစ်မှာဆိုရင် EAEU အဖွဲ့နဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ရေးအတွက်ကို ကဏ္ဍပေါင်းစုံ ပူးပေါင်း ဆောင်ရွက်ရေးအတွက် MoU နားလည်မှုစာချွန်လွှာ ချုပ်ဆိုနိုင်ခဲ့တယ်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလမှာပဲ စိန့်ပီတာစဘတ်မှာ ကျင်းပခဲ့တဲ့ (၂၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ စီးပွားရေးဖိုရမ်မှာ ဒီစာချုပ်ကို ကျွန်တော်တို့ ချုပ်ဆိုနိုင်ခဲ့တာပါ။ ချုပ်ဆိုနိုင်ခဲ့ပြီးတော့ ၂၀၂၄ ခုနှစ်မှာ EAEU က ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို လာခဲ့တယ်။ လာတဲ့အချိန်မှာ ဒီ MoU ကို ဆက်လက်ပြီးတော့ အရှိန်အဟုန် မြှင့်တင်နိုင်ရေးအတွက် MoU ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်းခဲ့တယ်။ ပထမအကြိမ်အစည်းအဝေးကို နေပြည်တော်မှာ ကျင်းပခဲ့တယ်။ နောက်တစ်ကြိမ် အစည်းအဝေးကိုတော့ ရုရှားမှာ ကျွန်တော်တို့ ကျင်းပခဲ့တယ်။ EAEU ရဲ့ စောစောကပြောတဲ့ မူလရည်ရွယ်ချက်ကို ပြောပြခဲ့ပြီးဖြစ်တယ်။ EAEU အနေနဲ့က သူ့ရဲ့အခြေခံပဋိညာဉ်မှာ ဘာပါလဲဆိုတော့ နိုင်ငံအချင်းချင်း အချုပ်အခြာအာဏာတည်တံ့မှု နယ်မြေခိုင်မြဲမှုကို အလေးထားဖို့၊ နံပါတ်နှစ်အချက်ကတော့ နိုင်ငံတွေရဲ့ အမျိုးသားအကျိုးစီးပွားကို အလေးထားဖို့ဆိုတာပါ ပါတယ်။ ဒါဟာ နိုင်ငံတိုင်းအတွက် လိုအပ်တဲ့ကိစ္စတွေ ဖြစ်ပါတယ်"ဟူ၍ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။
    ဆက်လက်၍"နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ EAEU ရဲ့ နှစ်စဉ် ကျင်းပနေကျဖြစ်တဲ့ ဥရောပ-အာရှ စီးပွားရေးဖိုရမ် (EEF)၊ အခုဆိုရင် (၄)ကြိမ်မြောက်ဖြစ်ပါတယ်။ စတုတ္ထအကြိမ်မြောက်မှာလည်း တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါတယ်။ မိန့်ခွန်းပြောကြားခဲ့တဲ့ နေရာမှာလည်း ကျွန်တော်ပြောကြားခဲ့တဲ့ အချက်အလက်တွေအပြင် ကျယ်ကျယ်ပြန့်ပြန့် ပြောကြားခဲ့တာကို အားလုံး တွေ့နိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ EAEU ရဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ အတွက် EEF ရဲ့ လေ့လာခွင့်ရရှိတဲ့နိုင်ငံ၊ လေ့လာသူနိုင်ငံဖြစ်ဖို့အတွက် ကျွန်တော်တို့ ကြိုးစားဆောင်ရွက်နေပါတယ်။ ကြိုးစား ဆောင်ရွက်မှုလည်း အောင်မြင်နိုင်လိမ့်မယ်လို့ မြင်ပါတယ်။ EAEU အဖွဲ့ဝင်နိုင်ငံ တွေဖြစ်တဲ့ ရုရှားတို့၊ အခြားအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့လည်း မြန်မာနိုင်ငံကို ကြိုဆို လက်ခံတယ်လို့ ကျွန်တော်တို့ မြင်ပါတယ်"ဟူ၍လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။
    နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ခရီးစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးယား ပြည်နယ် အူလန်အူဒယ်မြို့သို့ သွားရောက်ခဲ့သည်။ ဘူရားတီးယားပြည်နယ် အူလန်အူဒယ်မြို့သို့ သွားရောက်ခဲ့သည့် ခရီးစဉ်မှ မည်သို့သော အကျိုးအမြတ်များ ရရှိခဲ့ပါသလဲဟူသော သတင်းမီဒီယာများ၏ မေးမြန်းမှုကိုလည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက "ဘူရားတီးယား ပြည်နယ်အကြီးအကဲက ကျွန်တော်တို့ မြန်မာနိုင်ငံကိုလည်း လာခဲ့ဖူးပါတယ်။ သတင်းထောက်ကြီးတို့လည်း တွေ့မှာပဲဖြစ်ပါတယ်။ မာရဝိဇယဘုရားကြီး တန်ဆောင်တိုင်ပွဲတော်မှာ ဘူရားတီးယားပြည်နယ် အထိမ်းအမှတ်အနေနဲ့ မီးပုံးပျံလွှတ်တင်ခဲ့တာ ရှိပါတယ်။ ထူးခြားတာက ဘူရားတီးယားပြည်နယ်က ဗုဒ္ဓဘာသာကိုးကွယ်တဲ့ပြည်နယ် ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး ဘာသာရေးနဲ့ပတ်သက်ပြီး ဆက်ဆံမှု၊ ဆက်သွယ်မှုတွေ အများကြီးရှိခဲ့ပါတယ်။ ဒါ့အပြင် အဲဒီမှာရှိနေတဲ့ ဗုဒ္ဓဘာသာညီလာခံဖိုရမ်တစ် ခုလုပ်ဖို့လည်း ဆောင်ရွက်နေတာတွေ ရှိတယ်။ မြန်မာနိုင်ငံက ဆရာတော်ဘုရားကြီးတွေလည်း သူတို့ဆီကို ကြွနေတာရှိတယ်။ နောက်တစ်ခုက ရဟတ်ယာဉ်နဲ့ပတ်သက်ပြီး သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တွေ၊ သူတို့နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ဆောင်ရွက်နေတာရှိတယ်။ ဒါ့အပြင် အူလန်အူဒယ်မြို့မှာ ရထားပို့ဆောင်ရေးနဲ့ ပတ်သက် ပြီး စက်ရုံတွေရှိတယ်။ အဲဒီစက်ရုံတွေကိုလည်း ပူးပေါင်းဆောင်ရွက်ဖို့၊ ခရီးသွားမြှင့်တင်ဖို့ ကျွန်တော်တို့ သွားရောက် လေ့လာခဲ့တယ်" ဟူ၍ ပြန်လည်ဖြေကြားခဲ့သည်။
    အဆိုပါ ဘူရားတီးယားပြည်နယ် အူလန်အူဒယ်မြို့သို့သွားရောက်ခဲ့သည့် ခရီးစဉ်မှ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက သတင်းမီဒီယာများကို ပြောကြားခဲ့သည်။  နဒီ

Total Views ~ 8

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

46118

© 2022 - 2025 News. All Rights Reserved.