၂၀၂၅ ၊ ဇူလိုင် ၂
ထိုင်းအခြေခံ ဥပဒေခုံရုံးရဲ့ အမိန့်အရ ဝန်ကြီးချုပ် ပေတုံတန် ရှီနာဝပ်ထရာဟာ ရာထူးကနေ ဆိုင်းငံ့ခြင်းခံလိုက်ရပါတယ်။
သူဟာ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ နှစ်နိုင်ငံနယ်စပ်ပြဿနာကိစ္စကို ဖုန်းဆက်ဆွေးနွေးခဲ့တဲ့ အသံဖိုင်ပေါက်ကြားမှု နောက်ဆက်တွဲအဖြစ် အခုလိုအခြေအနေ ကြုံခဲ့ရတာပါ။ အဲဒီအသံဖိုင်ထဲမှာ ပေတုံတန်ဟာ ထိုင်းစစ်တပ်ကို ပုတ်ခတ်ပြီး သိက္ခာချတဲ့ စကားမျိုးတွေ ပြောထားမိတာကြောင့် ပြည်တွင်းမှာ အပြင်းအထန် ဝေဖန်မှုတွေ ခံနေခဲ့ရတာပါ။
အဲဒီအသံဖိုင်ထဲမှာ ပေတုံတန်ဟာ ဝန်ကြီးချုပ်တစ်ဦးရဲ့ ကျင့်ဝတ်တွေကို လေးစားလိုက်နာမှု ကင်းမဲ့ခဲ့တဲ့အပြင် ဟွန်ဆန်ကို အလွန်အကျွံ အလျှော့ပေးတဲ့ သဘောထားမျိုးတွေ ပြသခဲ့ကြောင်း၊ အဲဒီအတွက် ကျင့်ဝတ်ပိုင်း ဖောက်ဖျက်မှုတွေရှိခဲ့ကြောင်း အထက်လွှတ်တော်အမတ် ၃၆ ဦးက စွပ်စွဲပြီး အဲဒီကိစ္စကို စုံစမ်းပေးဖို့ အခြေခံဥပဒေခုံရုံးဆီ အဆိုပြုလျှောက်ထားခဲ့ပါတယ်။
ဇူလိုင် ၁ ရက်မှာတော့ ခုံရုံးရဲ့ တရားသူကြီးတွေ တွေ့ဆုံကြပြီး အဲဒီကိစ္စကို လက်ခံစုံစမ်းပေးဖို့ သင့်၊ မသင့်နဲ့ ပေတုံတန်ကို ရာထူးကနေ ဆိုင်းငံ့ထားဖို့ သင့်၊ မသင့် ညှိနှိုင်းခဲ့ကြပါတယ်။ အမှုကို လက်ခံစစ်ဆေးသင့်တယ်ဆိုတာကို တရားသူကြီး ကိုးဦးလုံးက သဘောတူခဲ့ပြီး ဝန်ကြီးချုပ်ကို ရာထူးက ဆိုင်းငံ့ထားဖို့ကိုတော့ ခုနစ်ဦးက ထောက်ခံမဲပေးပြီး နှစ်ဦးက ကန့်ကွက်ခဲ့ပါတယ်။ အပြီးသတ် ဆုံးဖြတ်ချက်အရ ပေတုံတန်ဟာ ခုံရုံးက ဆုံးဖြတ်တဲ့နေ့မှာပဲ ဝန်ကြီးချုပ်ရာထူးကနေ ဆိုင်းငံ့ခံထားလိုက်ရပါတယ်။
သူ့ရဲ့နေရာမှာတော့ ဒုတိယဝန်ကြီးချုပ်ဖြစ်သူ ပို့ဆောင်ရေးဝန်ကြီး ဆူရီရာ ဂျာယွန်ကရာကစ်က ယာယီဝန်ကြီးချုပ်အဖြစ် ချက်ချင်းတာဝန်ယူသွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ထိုင်းမှာ ပေတုံတန်ပဲ ဦးဆောင်ပြီး အသစ်ပြင်ဆင်ဖွဲ့စည်းထားတဲ့ အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပြီးရင်တော့ ယာယီဝန်ကြီး ချုပ်နေရာကလည်း အပြောင်းအလဲ ရှိလာနိုင်ပါတယ်။
ပေါက်ကြားလာတဲ့ အသံဖိုင်ထဲမှာ ပေတုံတန်က ထိုင်းစစ်တပ်ကို ဝေဖန်အပုပ်ချထားခဲ့တဲ့နောက် ထိုင်းစစ်တပ်နဲ့ နီးစပ်တဲ့ ကွန်ဆာဗေးတစ်တွေက ဆန္ဒပြပြီး ညွန့်ပေါင်းအစိုးရထဲကနေ နုတ်ထွက်သွားခဲ့ပါတယ်။ အဲဒီအတွက် အစိုးရက အင်အားလျော့နည်းသွားပေမယ့် ပေတုံတန်ဟာ လက်ကျန်ညွန့်ပေါင်း အစိုးရအဖွဲ့ဝင် ပါတီတွေကို စည်းရုံးပြီး ကွန်ဆာဗေးတစ်တွေ မပါတော့တဲ့ အစိုးရသစ်ကို ဖွဲ့စည်းခဲ့သလို ဇူလိုင် ၁ ရက်မှာ ထိုင်းဘုရင်က အသိအမှတ်ပြု လက်ခံပေးခဲ့ပါတယ်။
အဲဒီအစိုးရသစ်မှာ အရင် ကာကွယ်ရေးဝန်ကြီးဖြစ်တဲ့ ဖုန်သမ်ဝီချရာချိုင်းက ပြည်ထဲရေးဝန်ကြီးနဲ့ ဒုတိယဝန်ကြီးချုပ် တာဝန်တွေကို ပူးတွဲရယူသွားမှာပါ။ ခုံရုံးရဲ့ ဆုံးဖြတ်ချက်မှာတော့ ဆူရီရာဟာ နိုင်ငံရဲ့ယာယီဝန်ကြီးချုပ် တာဝန်အတွက် အပြည့်အ၀အာဏာအပ်နှင်းခံရပြီး အစိုးရဖွဲ့စည်းပုံ အပြောင်းအလဲကိုလည်း ကြီးမှူးရမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အစိုးရသစ်ထဲမှာ ပေတုံတန်ဟာ ယဉ်ကျေးမှုဝန်ကြီးအဖြစ်လည်း ပူးတွဲတာဝန်ယူထားပါတယ်။ ဒါကြောင့် သူဟာ ဝန်ကြီးချုပ်နေရာကနေ ဆိုင်းငံ့ခံထားရတဲ့ ကာလအတောအတွင်း ယဉ်ကျေးမှုဝန်ကြီးအနေနဲ့တော့ အစိုးရအဖွဲ့ထဲမှာ ဆက်ရှိနေနိုင်ပါတယ်။
ပေတုံတန်က အစိုးရသစ်ဖွဲ့စည်းနိုင်ခဲ့တဲ့အကြောင်း တရားဝင်ကြေညာပြီး နာရီပိုင်းအနည်း ငယ်မှာတင် သူ့ကို ဝန်ကြီးချုပ်နေရာကနေ ဆိုင်းငံ့မယ့်အခြေခံ ဥပဒေခုံရုံးဆုံးဖြတ်ချက် ထွက်ပေါ်လာတာပါ။ ဇူလိုင် ၁ ရက်မှာ ကြေညာတဲ့ အစိုးရအဖွဲ့သစ်မှာတော့ ကာကွယ်ရေးဝန်ကြီးနေရာကို မရွေး ချယ်သေးဘဲ လစ်လပ်နေပါတယ်။ စစ်တပ်နဲ့ ပြန်လည်ရင်ကြားစေ့ရေး အား ထုတ်မှုတစ်ခုအဖြစ် ပေတုံတန်ဟာ အဲဒီနေရာမှာ ထိုင်းစစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ချာလမ်ပိုဆရီဆာဝတ်ကို ခန့်အပ်ဖို့ ကမ်းလှမ်းထားကြောင်း သတင်းကြီးနေပေမယ့် ပေတုံတန် ကိုယ်တိုင်ကတော့ အဲဒီကိစ္စအပေါ် မှတ်ချက်ပေးဖို့ ငြင်းဆန်ထားပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြား နယ်စပ်ရေးရာ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပေါ်တဲ့ထိ တင်းမာမှုတွေ ရှိနေချိန်မှာ ပေတုံတန်ရဲ့ အငြင်းပွားစရာ အသံဖိုင် ပေါက်ကြားခဲ့တာပါ။ လက်ရှိမှာ ကမ္ဘောဒီးယားလွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ ဟွန်ဆန်ကတော့ အဲဒီအသံဖိုင်ကို သူက တမင်ဖွင့်ချခဲ့တာ မဟုတ်ကြောင်း ပြောကြားထားပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အဲဒီအရှုပ်တော်ပုံနဲ့ဆက်စပ်ပြီး ထိုင်းနိုင်ငံ ဘန်ကောက် မြို့တော်မှာ ပေတုံတန်ကို ဝန်ကြီးချုပ်အဖြစ်က ဖယ်ရှားပေးဖို့ လူပေါင်းသောင်းနဲ့ချီစုဝေး ဆန္ဒပြခဲ့ကြပါသေးတယ်။