၂၀၂၅ အာရှဖလား အမျိုးသမီးဖူဆယ် ခြေစစ်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

ရန်ကုန်၊ ဒီဇင်ဘာ ၁၈
    ၂၀၂၅ ဇန်နဝါရီ ၁၅ မှ ၁၉ ရက် အထိ ကျင်းပမည့် အာရှဖလားအမျိုးသမီးဖူဆယ်ပြိုင်ပွဲ ခြေစစ်ပွဲ 2025 AFC Women's Futsal Asian Cup qualification  ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီမှ သိရသည်။
    အဆိုပါ ပြိုင်ပွဲအတွက် ယခုလ ၁၅ ရက်တွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်း နည်းပြချုပ် Mr. Bunlert Charoenwong သည် 2025 AFC Women's Futsal Asian Cup qualification အတွက် လေ့ကျင့်ပြင်ဆင်မှုများပြုလုပ်ရန် ပဏာမကစားသမား ၁၉ ဦးစာရင်းကို ထုတ်ပြန်ခဲ့သည်။
    2025 AFC Women's Futsal Asian Cup qualification ကို ဝင်ရောက်ယှဉ်ပြိုင်ရန် ပြိုင်ပွဲအကြို ပြင်ဆင်မှုအနေဖြင့် ဒီဇင်ဘာ ၁၅ ရက်မှစတင်၍ စခန်းသွင်း လေ့ကျင့်မှုများ၊ ခြေစမ်းပွဲယှဉ်ပြိုင်ကစားခြင်းများ ပြုလုပ်နေကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ် အသင်းတွင် အုပ်ချုပ်၊ နည်းပြ ၁၁ ဦး၊ ပဏာမကစားသမား ၁၉ ဦးပါဝင်ပြီး ဒီဇင်ဘာ ၁၅ ရက်မှ ဇန်နဝါရီ ၂၀ ရက်အထိ သုဝဏ္ဏကွင်းအတွင်းရှိ လက်ရွေးစင် ကစားသမားများ အဆောင်တွင် စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။ 
    မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် ၂၀၂၅ အာရှဖလား အမျိုးသမီးဖူဆယ်ခြေ စစ်ပွဲ အုပ်စု (D) တွင် ဗီယက်နမ်၊ တရုတ်တိုင်ပေ၊ မကာအိုအသင်းများနှင့်အတူ ကျရောက်နေပြီး ဇန်နဝါရီ ၁၅ ရက်တွင် ဗီယက်နမ်၊  ဇန်နဝါရီ ၁၇ ရက်တွင် တရုတ်တိုင်ပေ၊ ဇန်နဝါရီ ၁၉ရက်တွင် မကာ အိုအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
    ခြေစစ်ပွဲများကို အိမ်ရှင်နိုင်ငံများအဖြစ် မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှားနှင့် ဥဇဘက်ကစ္စတန်တို့တွင် ကျင်းပသွားမည်ဖြစ်ပြီး ၁၉ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ရာ ငါးသင်းသုံးအုပ်စုနှင့် လေးသင်း တစ်အုပ်စုခွဲကာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
    ခြေစစ်ပွဲ အုပ်စုလေးခုမှ ထိပ်ဆုံးရပ်တည်မှု နှစ်သင်းစီ(ရှစ်သင်း)နှင့် အုပ်စုလေးခုမှ အကောင်း ဆုံးအုပ်စု တတိယရအသင်း စုစုပေါင်းကိုးသင်း ခြေစစ်ပွဲအောင် မြင်မည်ဖြစ်သည်။ ၂၀၂၅ အာရှဖလား အမျိုးသမီး ဖူဆယ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် တရုတ်၊ ၂၀၁၈ ပြိုင်ပွဲ ချန်ပီယံအီရန်နှင့် ဒုတိယရဂျပန်တို့မှာ တိုက်ရိုက်ဝင်ခွင့်ရခဲ့ပြီး ခြေစစ်ပွဲအောင် ကိုးသင်း၊ စုစုပေါင်း အသင်း ၁၂ သင်းဖြင့် မေ ၇ ရက် မှ ၁၈ ရက်အထိ  ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ထူးမြတ်

Total Views ~ 149

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43465

© 2022 - 2025 News. All Rights Reserved.