PPST အစည်းအဝေးများသည် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်ရေးနှင့်  နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများအတွက် အစပြုခြေလှမ်းကောင်းများဖြစ်စေလိုဟု KNU/KNLA ငြိမ်းချမ်းရေး ကောင်စီ ဒုဥက္ကဋ္ဌပြော

၂၀၂၃ စက်တင်ဘာ ၃
    ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အစည်းအဝေးများသည် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေးနှင့်  နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှုများအတွက် အစပြု ခြေလှမ်း ကောင်းဖြစ်စေလိုကြောင်း KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ နော်ကပေါ်ထူးက ပြောကြားလိုက်သည်။
    တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်ရေး ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ (NCA-S EAO)၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အစည်းအဝေး (၀၃/၂၀၂၃)ကို စက်တင်ဘာလ ၂၉ ရက်မှ ၃၀ ရက် နံနက်ပိုင်းမှ စတင်ကာ Video Conferencing ပြုလုပ်ခဲ့သည်။
    အစည်းအဝေး ပထမရက်တွင် PPST ဦးဆောင်မှုကော်မတီ ယာယီအဖွဲ့ ခေါင်းဆောင် ဒေါက်တာ နော်ကပေါ်ထူးက "သဘာပတိ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ရာ အခက်အခဲအမျိုးမျိုးကြားထဲက ဒီကနေ့ ပြုလုပ်နိုင်ခဲ့တဲ့ PPST အစည်းအဝေးသည် ကျွန်ုပ်တို့နိုင်ငံမှာ ရာစုနှစ်ဝက်ကျော် ဖြစ်ပွားခဲ့တဲ့၊ ဖြစ်ပွား နေဆဲလည်းဖြစ်တဲ့ ပြည်တွင်းစစ်ကို အပြီးသတ်ချုပ်ငြိမ်းပြီး နောင်လာနောက်သား မျိုးဆက်သစ် တွေအတွက် အမွေကောင်းတစ်ခု ဖြစ်စေနိုင်မယ့် ပြည်ထောင်စုငြိမ်းချမ်းရေးကို အာမခံချက်ပေး နိုင်မှာဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်ရေး မလွဲမသွေ ဖြတ်သန်းရမယ့် သက်ဆိုင်သူများ အားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုအတွက် အစပြုခြေလှမ်းကောင်း တစ်ခု ဖြစ်စေနိုင်ကြောင်း" ထည်သွင်းပြောကြားခဲ့သည်။
    PPST အစည်းအဝေးကို PPST အဖွဲ့ဝင်ခေါင်းဆောင်များ၊ EAO-UPDJC, CCMT, PPWT, EAO-FRC, WLPP တို့  Online မှ တက်ရောက်ခဲ့ကြောင်းသိရသည်။
    "ပုံမှန်အနေအထားမဟုတ်တဲ့ နိုင်ငံရေးအခင်းအကျင်းအောက်မှာ မကျင်းပဖြစ်တာ ကြာပြီဖြစ်တဲ့ PPST အစည်းအဝေးကို ဒီကနေ့မှာ ခေါ်ယူကျင်းပနိုင်တဲ့အတွက်ကြောင့်လည်း များစွာ ဝမ်းမြောက် ဝမ်းသာဖြစ်မိပါတယ်။ NCA ကို သဘောတူ လက်မှတ်ရေးထိုးပြီးတဲ့နောက်ပိုင်း NCA ပါ သဘောတူညီချက်တွေကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့တဲ့ PPST ရဲ့ လက်ရှိစုဖွဲ့မှုဟာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ရှိနေတယ်ဆိုတာကတော့ ပကတိအရှိတရား ပဲဖြစ်ပါတယ်။ NCA ရဲ့ အနှစ်သာရ သုံးချက်ကို အခြေခံပြီး သက်ဆိုင်သူများအားလုံး ပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ စားပွဲဝိုင်းကနေ နိုင်ငံရေးပြဿနာကို စစ်ရေးနည်း နဲ့မဟုတ်ဘဲ နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်းနည်းနဲ့ ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းအားထုတ်မှုတွေကလဲ အပြော လွယ်သလောက်လက်တွေ့အားဖြင့် အခက်အခဲများစွာ ရှိနေဆဲပဲဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနည်းလမ်းကသာလျှင် ကျွန်ုပ်တို့ နိုင်ငံအတွက်၊ ကျွန်ုပ်တို့ ပြည်ထောင်စုအတွက် လက်ရှိအကျပ် အတည်းတွေကို ကျော်လွှားရာမှာ ထိခိုက် နစ်နာမှုအနည်းဆုံး ရွေးချယ်မှုတစ်ခုကိုဖြစ် စေနိုင်မယ်ဆို တာ ယုံကြည်ထားတဲ့အတွက် အခက်အခဲအမျိုးမျိုး ကြားထဲကပဲ ဆက်ပြီး ကြိုးပမ်း လုပ်ဆောင်သွားကြ ရမှာ ဖြစ်ပါတယ်"ဟု  ဒေါက်တာ နော်ကပေါ်ထူးက ထည့်သွင်းပြောကြားခဲ့သည်။
    ထို့အပြင် ၂၀၂၂ ခုနှစ် မတ်လကုန် ဧပြီလဆန်း NCA-S EAO Summit အပြီး PPST ကို စုပေါင်းခေါင်းဆောင်မှုစနစ်အရ ဖွဲ့စည်းခဲ့သည့် PPST-LC ကနေ ပုံမှန်တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင် နိုင်သည့်အတွက် အတိုင်းအတာတစ်ခုထိ ထိန်းထိန်းသိမ်းသိမ်းလုပ်နိုင်သည့် အားသာချက်များကို   မြင်တွေ့နိုင်ကြောင်း၊ မကြာသေးခင်က RCSS နှင့် NMSP ခေါင်းဆောင်ကြီးများနှင့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်နိုင်ခြင်းမှာလည်း အခက်အခဲများကြားထဲမှ အားတက်စရာများအဖြစ် ကျေနပ်အားရမိ ကြောင်း ငြိမ်းချမ်းရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒေါက်တာ နော်ကပေါ်ထူးက ထည့်သွင်း ပြောကြားခဲ့သည်
    PPST အစည်းအဝေးများကို စက်တင်ဘာ ၃၀ ရက်အထိ နှစ်ရက်တာ ကျင်းပခဲ့ခြင်းဖြစ်ပြီး အစည်းအဝေးတွင်  အနာဂတ် ရှေ့လုပ်ငန်းများအတွက် အရေး ကြီးသည့်  လက်ရှိနိုင်ငံရေးအခြေ အနေများ အပေါ်သုံးသပ်တင်ပြမှုများ၊ PPST-LC ၏နိုင်ငံရေးအစီရင်ခံစာ၊ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံ စာတင်ပြမှုတို့ကို ဆွေးနွေးခဲ့ ကြောင်း သိရသည်။

Total Views ~ 122

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43264

© 2022 - 2025 News. All Rights Reserved.