ရန်ကုန်၊ ဒီဇင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသည့် YBS ယာဉ်များစီးနင်း ရာတွင် ခရီးသွားပြည်သူများ အဆင်ပြေစေရန် ဆောင်ရွက်ထားသည့် YBS ကတ်စက်များ ဖြတ်တောက်ထားသည့် ယာဉ်မောင်းများကို YBS မောင်းခွင့် ပိတ်သိမ်းသည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က "ကညနက ယာဉ်မောင်းလိုင်စင်ကို ပြောတာမဟုတ်ပါဘူး။ YRTC က ထုတ်ပေးထားတဲ့ YBS စမတ်ကတ်လိုင်စင် ပိတ်သိမ်းမှာပါ၊ ဒါ့ကြောင့် YBS ယာဉ်တွေမှာ မောင်းလို့ မရပါဘူး။ ကညနက ထုတ်ပေးတဲ့ လိုင်စင်တော့ ဘယ်မှာပဲမောင်းမောင်းရပါတယ်"ဟု ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသည့် YBS ယာဉ်စီးရေ ၃၉၅၁ ရှိသည့်အနက် YBS က ကတ်ဖြင့် စီးနင်းသူခရီးသည် တစ်သိန်းခွဲခန့်ရှိကြောင်း၊ ထို့အပြင် ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်များ မတော်တဆဖြစ်ပွားမှုကြောင့် ယခုနှစ်အတွင်း သေဆုံးသူ စုစုပေါင်း ၃၆ ဦးရှိကြောင်း သိရသည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ရက်မှ ဒီဇင်ဘာ ၁၅ ရက်အထိ YBS ယာဉ်မတော်တဆမှု အကြိမ် ၇၀ ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၃၆ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၃၆ ဦး ရှိခဲ့ကြောင်း၊ ထို့အပြင် YBS ယာဉ်များအနေဖြင့် စည်းကမ်းဖောက်ဖျက်သည့်အတွက် တိုင်ကြားသည့် အမှုပေါင်းမှာ ၅၀၀၀၀ ကျော်ရှိကြောင်း သိရသည်။ သက်မှူး