၂၀၂၅ ၊ မေ ၁၆
တော်လှန်ရေးခေါင်းဆောင်ကြီးတွေဆိုတာ အင်မတန် ဉာဏ်ရည်ထက်မြက်သောသူများ ဖြစ်ကြသည်။ ဒါကြောင့်လည်း တော်လှန်ရေးခေါင်းဆောင်ကြီးတွေ ပြောသမျှ၊ ဆိုသမျှ တချို့က ဉာဏ်ရည်မမီတော့ အပြစ်မြင်ကြပြီး ခုခေတ်စကားနဲ့ပြောရရင် ဖောင်းထုကြတာဖြစ်သည်။ ဟိုတစ်နေ့ကပဲ တော်လှန်ရေးခေါင်းဆောင် ကြီးတစ်ယောက်က ဖေ့စ်ဘုတ်ပေါ်မှာ ကဗျာတစ်ပုဒ် ရေးခဲ့သည်။ အနှီကဗျာက "အဆုံးစွန်ထိ ပေးဆပ်စွန့်လွှတ်နေကြသော ပဒက်များအတွက် အဆုံးစွန်ထိ အာမခံချက်ပေးနိုင်သော နုကြည်ဖြစ်ရပါလို၏"ဟူ၍ ဖြစ်သည်။ တချို့ကလည်း တောထဲမှာ ပဒက်လေးတွေ အစာငတ်၊ ရေငတ်နဲ့ မာလကီးယားကြ၊ တချို့ကလည်း တိုက်ပွဲကြားမှာ မာလကီးယားကြဆိုတော့ ဘယ်အချိန်ထိ အဆုံးစွန် မာလကီးယားပေးကြရမှာလဲဟု အငေါ်တူးကြသည်။ တချို့ကလည်း တော်လှန်ရေးခေါင်းဆောင်ကြီးတွေရဲ့ သားသမီးတွေကြတော့ နိုင်ငံခြားပို့ထားပြီး သူများသားသမီး တွေကိုတော့ ရှေ့တန်းမှာ မာလကီးယား ခိုင်းကြတယ်ဟု ပြစ်တင်ဝေဖန်ကြသည်။ ဒါကလည်း ခေါင်းဆောင်ကြီးတွေရဲ့ ဉာဏ်အမြော်အမြင်ကို လိုက်မမီကြတာ ဖြစ်နိုင်သလို တော်လှန်ရေး ဗီဒီယို ဇာတ်ကားတွေ မကြည့်ဖူးတာကြောင့် ဖြစ်နိုင်သည်။ အင်္ဂလိပ်တို့၊ ဂျပန်တို့ကို တော်လှန်ကြသည့် တော်လှန်ရေးဇာတ်ကားတွေဆိုရင် ဇာတ်ကားအစပိုင်းမှာ ဇာတ်နာကြသည်။ နောက်ပိုင်းကျမယ့် နယ်ချဲ့အင်္ဂလိပ်တွေ၊ ဂျပန်တွေကို မင်းသားတစ်ယောက်တည်း ဝင်ချရင်း အလံတလွင့်လွင့်နှင့် ဇာတ်သိမ်းတာမျိုး ဖြစ်သည်။ လောလောဆယ်တော့ ပဒက်လေးတွေ ခဏခဏ မာလကီးယားပြီး ဇာတ်နာကြ ရပေဦးမည်။ နောက်တော့မှ တော်လှန်ရေးခေါင်းဆောင်ကြီးတွေရဲ့ ရင်နှစ်သည်းခြာ သားသမီးလေးတွေ နိုင်ငံခြားက ပညာရည်ပြည့်ဝကာ တော်လှန်ရေးမှာ တစ်တပ်တစ်အား ပါဝင်လာကြပေ လိမ့်မည် ဖြစ်သည်။ ဒါကလည်း မကြာလောက်ချေ။ မြန်မာဇာတ်ကားတွေအရဆိုရင် "ဆယ်နှစ်ခန့် ကြာသော်"တို့၊ ဘာတို့ စာတန်းထိုး သလောက်ပင် ကြာပေလိမ့်မည်။
ခုဆိုရင် ဟိုတော်လှန်ရေးခေါင်းဆောင်ဆရာ ကြီးဆိုသူ မြန်မာပြည်ပြန်ရောက်လာပြီး တောထဲကပုံ တွေထုတ်ပြလိုက်တော့ တချို့ကလည်း 'ဒီအချိန်မှာ ပြန်တွေ့တာ ဘာလုပ်ရမှာလဲဆိုပြီး' ဖြစ်ကုန်ကြသည်။ ထူးမြတ်တို့ကတော့ ဆရာကြီးကို ကြည်ညိုရင်းစွဲ ရှိတာကြောင့် မီယန်မာပြည် ချေဂွေဗားစိုး ဟုတောင် ကင်ပွန်းတပ်လိုသည်။ အာဂျင်တီးနားနိုင်ငံသား မက်ခ်ဝါဒကိုင်ဆွဲသူ ချေဂွေဗားရားလိုပင် ဆရာဝန်ဖြစ်သော်လည်း တော်လှန်ရေး အင်မတန် ဝါသနာထုံတာကြောင့် ဖြစ်သည်။ ကြားဖူးနားဝဆိုရင် ချေဂွေဗားရားဟုဆိုသော သူက အာဂျင်တီးနားနိုင်ငံသားဖြစ်သော်လည်း ကျူးဘား တော်လှန်ရေးမှ ပါဝင်ခဲ့ပြီး ကျူးဘားနိုင်ငံ၏ ဂုဏ်ထူးဆောင်နိုင်ငံသားပင် ဖြစ်လိုက်သေးသည်။ မဆီမ ဆိုင် မွေးရာနိုင်ငံနှင့် တော်လှန်သော နိုင်ငံမတူသော်လည်း စစ်စိမ်းရောင်အင်္ကျီ၊ ဘယ်ရီဦးထုပ်၊ မုတ်ဆိတ်မွေးထူလပျစ်နှင့် ချေဂွေဗားရား ဆိုသူ၏ ရုပ်ပုံကို ငယ်စဉ်ဘဝက တီရှပ်တွေ၊ စတေကာတွေနဲ့ မြင်ဖူးနေကြဖြစ်သည်။ ထပ်သိရတာက ချေဂွေဗားရားဆိုတာက တော်လှန်သူတွေ၏ပြယုဂ်ပင် ဖြစ်သည်ဟုဆိုသည်။ ဒါကြောင့်လည်း ထူးမြတ်တို့ တော်လှန်ရေးခေါင်းဆောင်ကြီးတွေက ဘန်ကောက်၊ မဲဆောက်လို ရာသီ ဥတုပူရာ အရပ်ဒေသတွေမှာ ပျောက်ကြားယူနီဖောင်းကြီးတွေဝတ်၊ မုတ်ဆိတ်မွေး ထူလပျစ်ကြီးတွေကိုထားပြီး ဓာတ်ပုံအရိုက်ခံကြတာဖြစ်မည်ထင်သည်။
ဒါကြောင့် မီယန်မာ ချေဂွေဗားစိုးကလည်း ချေဂွေဗားရားအစစ်ကို အားကျပြီး မွေးတာတစ်နိုင်ငံ၊ ထွက်ပြေးတာ တစ်နိုင်ငံ၊ လာတော်လှန်တာ တစ်နိုင်ငံဆိုပြီး ပုံတူကူးချတာ ဖြစ်နိုင်သည်။ ချေဂွေဗားရားအကြောင်း လေ့လာမိတော့ သူရဲ့တော်လှန်လိုစိတ်က မိခင်နိုင်ငံကို ကျော်လွန်ပြီး တောင်အမေရိကားတိုက်တစ်ခုလုံး လွတ်မြောက်လိုသည်ဟု ဆိုပြန်သည်။ အနည်းငယ်ကြောင် တောင်တောင် နိုင်သောသူဟု ဆိုရမည်ဖြစ်သော်လည်း မီယန်မာ တော်လှန်ရေးခေါင်းဆောင်ကြီးတွေနဲ့တော့ ခပ်ဆင်ဆင်တူသည်ဟု ပြောရမည်ဖြစ်သည်။ မီယန်မာပြည် တော်လှန်ရေးခေါင်းဆောင်ကြီးတွေဆိုရင် ယင်းမီယန်မာပြည် လွတ်လပ်ရေးအတွက် အမေရိကားကို ထွက်သွားလိုက်တာ အမေရိကား ရွေးကောက်ပွဲ မှာ သမ္မတသစ်ထရမ့်တက်လာတော့ အမေရိကန်ဒီမိုကရေစီ ဆိတ်သုဉ်းသွားပြီး ဘာညာပြောကာ အမေရိကန်လူ မျိုးတွေကိုတောင် တော်လှန်စိတ်လေးတွေ သွင်းပေးကြသည်။ အမေရိကန်ပြည်သူတွေက တော်လှန်သွေးမပါတာကြောင့် တော်လှန်ရေးခေါင်းဆောင်ကြီးတွေ လက်လျှော့လိုက်တာ ဖြစ်မည် ထင်သည်။
မီယန်မာချေတွေ အားကျသော ချေဂွေဗားရားအစစ်ကို လေးစားစရာ တစ်ခုတော့ရှိသည်။ ၁၉၆၇ ခုနှစ်မှာ နိုင်ငံတကာ ပတ်တော်လှန်ရင်း ဘိုလီးဗီးယားမှာ ဖမ်းမိတော့ သေနတ်ဖြင့်ပစ်၍ ကွက်မျက်မည့်သူက "ဘယ်လိုလဲကိုယ့်လူ၊ ဘယ်လိုအသက်ရှင်ရမလဲ ကြံစည်နေတာလား"ဟု မေးရာ ချေဂွေဗားရားက "ငါအသက်ရှင် ဖို့ကြံနေတာ မဟုတ်ဘူးကွ၊ ဒီတော်လှန်ရေးကြီးကို ဘယ်လိုရှင်သန်အောင် ဆက်လုပ်ရမလဲ စဉ်းစားနေတာ"ဟု နောက်ဆုံး ဖြေသွားခဲ့သည်ဟု ဆိုသည်။ ယုံကြည်ရာအ တွက် မိခင်နိုင်ငံကို ကျော်ပြီး နိုင်ငံတကာပတ်ပြီး တော်လှန်နေသူတစ်ယောက် ဇာတ်သိမ်းက ဘာပဲ ဖြစ်ဖြစ် သတ္တိရှိသည်ဟု ဆိုရမည်ဖြစ်သည်။ မီယန်မာပြည်ချေတို့ကလည်း ထို့အတူပင် ငါတို့အမေရိ ကန်ပြေးဖို့ ကြံနေတာမဟုတ်ဘူးကွ။ ဒီတော်လှန်ရေးကြီးမှာ ဘယ်လိုအလှူ ဆက်ခံရမလဲဆိုတာ အင်မတန် သတ္တိကောင်းစွာ စဉ်းစားနေပုံရသည်။ ချေဂွေဗားရား၏ အရင်းရှင်တော်လှန် ရေးခေတ်က တော့ အလှူခံပြီး တော်လှန်လား၊ မလှန်လား မသိရပေမယ့် ဒီခေတ်မှာတော့ တော်လှန်ရေး ခေါင်း ဆောင်ကြီးတွေ အလှူခံရေးပဲ စိတ်ဝင်စားနေတာကြောင့် ထိုသို့တွေးနေမှာ အမှန်ပင်ဖြစ်သည်။
ထို့ကြောင့်လည်း လှူသူကလှူ၊ ကူသူကကူနဲ့ နိုင်ငံတကာမှာ တော်လှန်ရေးခေါင်းဆောင်ကြီးတွေ အခြေချ တော်လှန်လာလိုက်တာ လေးနှစ်ကျော်လာပြီ ဖြစ်သည်။ မီယန်မာချေဂွေဗားရားတို့မှာ မီယန်မာပြည်တစ်ခုတည်းကို တော်လှန်တာ မဟုတ်ဘဲ ဟိုနိုင်ငံက မြန်မာအစိုးရကို အရေးပေးရင် ဟိုနိုင်ငံကို လိုက်တော်လှန်လိုက်၊ ဒီနိုင်ငံက မြန်မာအစိုးရကို ကြိုဆိုထောက်ခံရင် သံရုံးတွေရှေ့ လိုက်ဆန္ဒပြလိုက်နှင့် နိုင်ငံတ ကာပတ် တော်လှန်နေရတာ ဖြစ်သည်။
အချိန်လေးကြာလာတော့ လှူကြ၊ ပေးကြ၊ ကမ်းကြသောသူတွေက မေတ္တာတုံးလာကြပြီး ငါတို့ လှူထားတာတွေ ဘယ်နားရောက်သွားသလဲဆိုပြီး မေးကြမြန်းကြလေတော့သည်။ မီယန်မာချေတို့ကတော့ ချေဂွေဗားရား အစစ်လောက်တော့ ပျင်းတောင်ပျင်းသေးတယ် ဟု ပြောရမည်ဖြစ်သည်။ အသွင်ကူးပြောင်းရေးကာလရောက်ရင် စာရင်းတွေ ချက်ကျလက်ကျ ရှင်းပေးမည်ဟု ဆိုလာသည်။
ဒီတော့ ထူးမြတ်တို့လို တော်လှန်ရေးထောက်ခံသူတွေ အူကြောင်ကြောင် ဖြစ်ကုန်ကြပြီး အသွင်ကူးပြောင်းရေးကာလဆိုတာကြီးကို ဘာမှန်းမသိ ဖြစ်ကုန်ကြသည်။ မဆီမဆိုင် မင်းတုန်းမင်းကို ဂျင်းထည့်သွားသော နဂါးမင်းရဲ့ တမန်တော်မောင်ရဲတောင် သတိရမိသေးသည်။ တမန်တော် မောင်ရဲက မင်းတုန်းမင်းကြီးကို နဂါးမင်းကြီးက ဂါရဝလာပြုမယ်ဆိုတော့ နန်းရင်ပြင်မှာ မင်းကြီး၊ မှူးမတ်၊ သေနာပတိတွေ စုံညီနေပြီး နဂါးဆိုတဲ့ သတ္တဝါကြီးကို ဘယ်သူမှမမြင်ရချေ။ ဒီတော့မှ တမန် တော်မောင်ရဲက "နဂါးမင်းကြီးကို ဘုန်းကံရှိသူသာ မြင်နိုင်သည်"ဟု မင်းကြီးကိုလျှောက်တင်ရာ မင်းတုန်းမင်းကြီး အောင့်သီးအောင့်သက်ဖြင့် "လှလိုက်တဲ့ နဂါးမင်းကြီး ရွှေရောင် ဖိတ်ဖိတ်တောက်နေတာပဲ"ဟု ဖြေလိုက်ရသလို ပင်ဖြစ်သည်။ နဂါးကြီးကို မမြင်ပြန်ရင်လည်း ဘုန်းကံမရှိသည့် မင်းဟု တိုင်းသူပြည်သားတွေထင်မှာ စိုးရိမ်သဖြင့် ဂျင်းထည့်ခံလိုက်ရသည်။ ခုလည်း မီယန်မာချေဂွေဗားရားတို့၏ အသွင်ကူးပြောင်းရေးကာလမှ ရှင်းလင်းမယ့်စာရင်း ကို ဘုန်းကံနည်းသူတို့ မြင်နိုင်မှာမဟုတ်ချေ။ ထူးမြတ်ကတော့ စာရင်းကို ရှင်းရှင်းလင်းလင်းလေး မြင်လာပြီဖြစ်သဖြင့် တော်လှန်ရေးထောက်ခံပြီး လှူထားတန်းထားသူတွေ ဘုန်းကံ ရှိ၊ မရှိကို လေ့လာရဦးမည် ဖြစ်သည်။ (ထူးမြတ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၁၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )