Breaking

ဥပဒေကို ကျော်လွန်သော All Inclusive  အလုပ်မဖြစ်နိုင်ပါ

၂၀၂၅ ၊ မေ ၁၆

    ရွေးကောက်ပွဲကတစ်ဆင့် အစိုးရတစ်ရပ်ရွေးချယ်တဲ့ ဓလေ့ဟာ ဒီမိုကရေစီရဲ့အနှစ်သာရ တစ်ခုပဲ ဖြစ်ပါတယ်။ ကျန်တဲ့စနစ်တွေမှာရော မရှိဘူးလားဆိုတော့ ဆိုရှယ်လစ်မှာလည်း ဆိုရှယ်လစ်ပုံစံ၊ ကွန်မြူနစ်မှလည်း ကွန်မြူနစ်ပုံစံ ရှိကြပါတယ်။ သို့သော် တစ်ပါတီစနစ်တွေရဲ့ ရွေးချယ်တင်မြှောက်ပုံနဲ့ ပါတီစုံဒီမိုကရေစီစနစ်တွေရဲ့ ရွေးချယ်တင်မြှောက်တဲ့ ပုံစံတွေက မတူကြပါဘူး။ တစ်ပါတီစနစ်တွေမှာ ပြည်သူ့အကြိုက်ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ ပြည်သူကြိုက်ခြင်း၊ မကြိုက်ခြင်းထက် ပါတီရဲ့ Trend အရသော်လည်းကောင်း၊ ပါတီတွင်း စည်းလုံးညီညွတ်မှုအရသော်လည်းကောင်း ပါတီတည်မြဲရေးနဲ့ ပါတီရဲ့ဦးဆောင်မှုနောက်မှာ ပြည်သူပါလာနိုင်အောင် စွမ်းဆောင်နိုင်ဖို့ ဦးစားပေးရွေး ချယ်ကြတာ တွေ့ရမှာဖြစ်ပါတယ်။ ရွေးချယ်ခြင်းဆိုရာမှာ မဲစနစ်နဲ့ ရွေးချယ်တာ မျိုးမဟုတ်ဘဲ ငယ်စဉ်ကတည်းက စနစ်တကျ ရွေးချယ်ပြီး လေ့ကျင့်ပြုစုပျိုးထောင်ပေးပြီး ခန့်အပ်တာမျိုးလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ပါတီစုံဒီမိုကရေစီ စနစ်ကတော့ ရှင်းပါတယ်။ ပြည်သူက မဲပေးရွေးချယ်ရတာပါ။ ပြည်သူ့ဆန္ဒနဲ့အညီ ဖြစ်စေဖို့၊ ရွေးကောက်ပွဲစနစ်နဲ့ မှန်ကန်မျှတစွာ ရွေးကောက်တင်မြှောက်နိုင်ဖို့က အရေးကြီးပါတယ်။ အဲဒီတာဝန်ရှိသူတွေအပြင် ပြည်သူကပါ ဝိုင်းဝန်းထိန်းသိမ်းပေးရမှာဖြစ်ပါတယ်။ 
    ဒီမိုကရေစီစနစ်ရဲ့ ရွေးကောက်တင်မြှောက်ခြင်းဆိုရာမှာ သာမန်အားဖြင့် ဥပဒေပြုရေးအာဏာ၊ တစ်နည်းအားဖြင့် လွှတ်တော်နဲ့အုပ်ချုပ်ရေးအာဏာ၊ တစ်နည်းအားဖြင့် နိုင်ငံ့အကြီးအကဲ၊ အစိုးရအကြီးအကဲကို ရွေးချယ်တင်မြှောက်ပေးခြင်းပဲ ဖြစ်ပါတယ်။ ထိုသို့ ရွေးချယ်ရာမှာ နိုင်ငံ့အကြီးအကဲ၊ အစိုးရအကြီးအကဲကို ပြည်သူက တိုက်ရိုက်ရွေးချယ်တင်မြှောက်ခြင်းနဲ့ လွှတ်တော်ကတစ်ဆင့် ရွေးချယ်တင်မြှောက်ခြင်းဆိုပြီး နှစ်မျိုးတွေ့ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာလည်း ရွေကောက်ပွဲနဲ့ မကင်းကွာတဲ့နိုင်ငံတစ်နိုင်ငံပဲ ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ ရွေးချယ်တင်မြှောက်ခြင်း ပုံစံက  နိုင်ငံ့အကြီးအကဲ၊ အစိုးရအကြီးအကဲကို ပြည်သူက တိုက်ရိုက်ရွေးချယ်ရတာ မဟုတ်ဘဲ ပြည်သူက ရွေး ချယ် တင်မြှောက်လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းပေးထားတဲ့ ပြည်ထောင်စုလွှတ်တော်က ရွေးချယ်တင်မြှောက်ရတဲ့ ပုံစံပဲဖြစ်ပါတယ်။ 
    ဘယ်လိုပုံစံပဲ ဖြစ်ပါစေ။ အရေးကြီးတာက ရွေးချယ်တင်မြှောက်ရာမှာ မှန်ကန်မျှတဖို့ လိုပါတယ်။ မှန်ကန်မျှတဖို့အတွက် ပွင့်လင်းမြင်သာဖို့ကလည်း အရေးကြီးပါတယ်။ တစ်ပါတီစနစ်နဲ့ အုပ်ချုပ်တဲ့နိုင်ငံတွေမှာ ပါတီရဲ့မူဝါဒအရ ရွေးချယ်တင်မြှောက်တာ ပြဿနာမရှိပေမယ့် ပါတီစုံ ရွေးကောက်ပွဲများမှာတော့ ပြည်သူ့ဆန္ဒအစစ်အမှန် ဖြစ်စေဖို့အတွက် အဂတိကင်းဖို့က အရေးကြီးပါတယ်။ ပြည်သူ့ဆန္ဒရဲ့အခြေခံက မဲလေးတစ်ပြားပဲဖြစ်ပါတယ်။ မဲတစ်ပြားဟာ ပြည်သူတစ်ယောက်ဖြစ်တဲ့အတွက် မဲတစ်ပြားကအစ လေးစားစွာတန်ဖိုးထားရမှာ ဖြစ်ပါတယ်။ ကိုယ့်ကိုပြည်သူက လက်ခံရင်၊ ထောက်ခံရင် မဲပြားလေးတွေကတစ်ဆင့် အဖြေပေးပါလိမ့်မယ်။ မဲနိုင်တိုင်း ပြည်သူ့ဆန္ဒမဟုတ်ဘူး ဆိုတာ မဲခိုးထားလို့ မဲအရေအတွက်များပြီး မဲနိုင်တာကို ဆိုလိုတာပဲဖြစ်ပါလိမ့်မယ်။ တိုင်းပြည်ကို တကယ်ချစ်ရင်၊ ပြည်သူကို တကယ်ချစ်ရင် ပြည်သူ့ဆန္ဒကို လေးစားဖို့လိုပါတယ်။ ပြည်သူ့ဆန္ဒကို လေးလေးစားစား တန်ဖိုးထားတတ်ရင် ဒီတစ်ကြိမ် မဲမနိုင်တောင် နောက်တစ်ကြိမ်၊ နောက်တစ်ကြိမ် မနိုင်သေးရင်တောင် တစ်ချိန်ချိန်မှာတော့ နိုင်လာပါလိမ့်မယ်။ မဲမနိုင်လို့ ကိုယ်စားလှယ်မဖြစ်ရင်၊ အစိုးရမဖြစ် ရင်တောင်မှ ပါတီစုံဒီမိုကရေစီ ရှင်သန်အောင် ပူးပေါင်းပါဝင်ကြတဲ့အတွက် နိုင်ငံရေးသမား တန်ဖိုး လျော့မသွားပါဘူး။ မျှတတဲ့နိုင်ငံရေးကို အားပေးကူညီနေတာဖြစ်လို့ တန်ဖိုးရှိပြီးသားပါ။ 
    မဲမသမာမှုနဲ့ပတ်သက်လို့ မဲခိုးတာတွေနဲ့ ပတ်သက်လို့ ဘယ်လိုလူမျိုးတွေ၊ ဘယ်လိုအဖွဲ့ အစည်းတွေက လုပ်လေ့လုပ်ထ ရှိကြသလဲဆိုတော့ စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့  ပါတီကြီးတွေ၊ တည်ဆဲအစိုးရ ပါတီတွေကသာ လုပ်လေ့ရှိတာ တွေ့ရမှာဖြစ်ပါတယ်။ အထူးသဖြင့် ရွေးကောက်ပွဲကော်မရှင်နဲ့ နီးစပ်မှု ရှိတာ၊ လွှမ်းမိုးထားနိုင်တာတွေက  မဲမသမာမှုကို ဖြစ်စေနိုင်တဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ အဆိုပါ အခြေအနေကို ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲအရ တွေ့ရှိရမှာဖြစ်ပါတယ်။ ဒါကလည်း ၂၀၀၈ ခုနှစ် အခြေခံဥပဒေရဲ့ အားနည်းချက်လို့ ဆိုရမလား။ အဂတိတရား ကင်းတဲ့သူကို မခန့်လို့လားဆိုတာ စဉ်းစားစရာပါ။  မဲနိုင်တဲ့ ပါတီအစိုးရက ခန့်ထားတဲ့အတွက် ကျေးဇူးခံကျေးဇူးစား ပုလင်းတူဘူးဆို့ ဖြစ်ဖို့လွယ်တဲ့အခြေအနေလို့ ဆိုရပါမယ်။ ဒါ့အပြင် ပါတီအပေါ်မှာ သံယောဇဉ်နဲ့ သက်ဝင်ယုံ ကြည်မှုများအရလည်း ဖြစ်နိုင်ပါတယ်။ ပြန်နိုင်လို့ အစိုးရပြန်ဖြစ်ရင် နေရာတစ်နေရာ ပြန်ရမယ်လို့ လည်း မှန်းနိုင်တာပဲ မဟုတ်လား။ ရွေးကောက်ပွဲကို ဦးစီးဦးဆောင်လုပ်ပေးမယ့် ပုဂ္ဂိုလ်တွေရဲ့ ရိုးသား ဖြောင့်မတ်မှန်ကန်မှု၊ ပြည်သူ့ဆန္ဒကို အလေးထားပြီး ပြည်သူ့မျက်နှာကိုသာ ကြည့်မှုတွေကလည်း ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် အလွန်အရေးကြီးပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အာဏာရပါတီအနေနဲ့လည်း ဥပဒေနဲ့အညီ လွတ်လပ်မျှတစွာ ရွေးချယ်စေဖို့၊ ပြည်သူ့ဆန္ဒကို လေးစားလိုက်နာဖို့ လိုပါတယ်။ နိုင်ငံရေး ပါတီထူထောင်ခြင်းရဲ့ အန္တိမရည်မှန်းချက်က နိုင်ငံရေးအာဏာ ရရှိရေးဆိုတာ ဘယ်သူမှ ငြင်းလို့မရပါဘူး။ ဒီအခြေအနေအရ မျှတစွာ ယှဉ်ပြိုင်ရယူတာကို လက်ခံလို့ရပေမယ့် ကလိမ်ကကျစ်လုပ်ရင်တော့ ခြေမ မကောင်း ခြေမ၊ လက်မ မကောင်း လက်မ ဖြတ်ပစ်မှသာ ဒီမိုက ရေစီတန်ဖိုးကို ခံစားရလိမ့်မယ်လို့ မြင်ပါတယ်။ ပါတီကြီးတွေအနေနဲ့ ပါတီငယ်လေးတွေကို မျှတစွာ ဝင်ရောက်အရွေးခံစေဖို့၊ မျှတစွာ ယှဉ်ပြိုင်နိုင်စေဖို့ အခွင့်အရေးပေးမှသာ ပါတီစုံစနစ်အား ကောင်းလာမှာပဲ ဖြစ်ပါတယ်။ 
    ဒီနှစ် (၂၀၂၅ ခုနှစ်) နှစ်ကုန်မှာ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးဖို့ နစကအစိုးရက ကြိုးစား နေတာကို တွေ့ရပါတယ်။ နစကဥက္ကဋ္ဌကိုယ်တိုင်ကပင်  ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ ခေါင်းဆောင်တွေရှေ့ မှာ အတိအလင်း ပြောကြားခဲ့တာဟာ တိုင်းပြည်အတွက် ပါတီစုံဒီမိုကရေစီစနစ်ကို မှန်ကန်စွာ ပြန်လည်အသက်သွင်းလိုတဲ့ ဆန္ဒဆိုတာ ရှင်းရှင်းလင်းလင်း မြင်ရမှာဖြစ်ပါတယ်။ စကတည်းက နိုင်ငံရေးအပြောင်းအလဲနဲ့ နစကပေါ် ပေါက်လာခဲ့တာဟာ ပါတီစုံဒီမိုကရေစီစနစ်ရဲ့ အသက်ဖြစ်တဲ့ ရွေးကောက်ပွဲ မဲမသမာမှုကို ပြန်လည်တည့်မတ် ပေးဖို့ဖြစ်တယ်ဆိုတာ တွေ့ရမှာဖြစ်ပါတယ်။ NLD မဲနိုင်တာကို မကြိုက်လို့၊ အာဏာရယူချင်လို့ အာဏာထိန်းတယ်ဆိုတာက လက်တွေ့မကျတဲ့ စွပ်စွဲချက်ပဲဖြစ် ပါတယ်။ နိုင်ငံရေးသမားတွေရဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့ နိုင်ငံရေးအာဏာကို မမှန်မကန်ရယူတဲ့ အကျင့်ကို အသက်မဝင်စေဖို့ ကုစားခဲ့တာ၊ အားမကောင်းသေးတဲ့ နိုင်ငံရေးပါတီငယ်တွေ စိတ်ပျက်ပြီး နိုင်ငံရေးက ထွက်ခွာသွားမှာတွေ မဖြစ်စေဖို့ မျှတအောင် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်တယ်ဆိုတာကို နားလည်ဖို့ လိုပါတယ်။ 
    ရွေးကောက်ပွဲပြန်လည်ကျင်းပပေးဖို့ရည်ရွယ် ကြိုးစားနေချိန်မှာ တစ်ဖက်ကလည်း ဖျက်လိုဖျက်ဆီး လုပ်နေကြတာတွေလည်း ရှိရပါတယ်။ ဝမ်းပန်းတသာ ထောက်ခံကူညီကြမယ့် နိုင်ငံတွေလည်း ရှိပါတယ်။  များသောအားဖြင့် မြန်မာနိုင်ငံကို ခင်မင်ရင်းနှီးစွဲရှိပြီး သံယောဇဉ်ရှိတဲ့ နိုင်ငံတွေနဲ့ အခြေအနေမှန်ကို သိနားလည်ကြတဲ့ နိုင်ငံအတော်များများကတော့ ရွေးကောက်ပွဲ ပြန်လည်ကျင်းပမှာကို ထောက်ခံအားပေးကြတာ တွေ့ရပါတယ်။ ဖျက်လိုဖျက်ဆီး လုပ်နေကြသူတွေကတော့ ကိုယ့် အမှားကို ဖုံးကွယ်ပြီး ဖြတ်လမ်းနည်းနဲ့ နိုင် ငံတော်အာဏာကို ရယူချင်တဲ့အဖွဲ့တွေပဲ ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် အရေးအခင်းကာလမှာ ကြားဖြတ်အစိုးရ လိုချင်ကြတာ၊ ၁၉၉၀ ရွေးကောက်ပွဲကို အခြေခံပြီး အခြေခံဥပဒေမရှိဘဲ အာဏာလိုချင်ကြတာတွေနဲ့ ထူးမခြားနားလို့ ဆိုရပါလိမ့်မယ်။ ပြည်ပနိုင်ငံတွေနဲ့ ပြည်ပနိုင်ငံရေးအုပ်စုတွေကိုကြည့်ရင် သူတို့နဲ့အဆင်ပြေပြီး သူတို့နောက်ကို လိုက်မယ့်အဖွဲ့ကို နေရာရစေလိုတဲ့ အုပ်စုတွေပဲ ဖြစ်ပါတယ်။ ဒီအချိန်မှာ ရွေးကောက်ပွဲမလုပ် သင့်ကြောင်း၊ လုပ်မယ်ဆိုရင်လည်း All Inclusive  ဖြစ်ရမယ် ဘာညာဘာညာ ပြောနေကြတာ တွေ့ရပါလိမ့်မယ်။ 
    အဲဒီ All Inclusive ဆိုတာ နားထောင်လို့တော့ ကောင်းပါတယ်။ သို့သော် သက်ဆိုင်ရာနိုင်ငံနဲ့ ကြုံတွေ့နေရတဲ့ အခြေအနေတွေအရဆိုရင် သိပ်တော့ အဆင်မပြေဘူး။ All Inclusive  ဆိုတာ ဘာကို ဆိုလိုတာလဲ။ ဘယ်အတိုင်း အတာနဲ့ချိန်ဆရမှာလဲ။ သူ့နိုင်ငံ သူ့အချုပ်အခြာ အာဏာအရ All Inclusive  ဆိုတာ သူ့နိုင်ငံရဲ့ တည်ဆဲဥပဒေနဲ့အညီသာ ဖြစ်သင့်ပါတယ်။  ပြန်လည်ကျင်းပပေးမယ့် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြစ်ဒဏ်ခံနေရတဲ့ နိုင်ငံရေးသမားတွေ၊ ပြည်ပ ထွက်ပြေးသွားတဲ့ ပြည်ပြေးတွေပါ ပါစေလိုပုံရပါတယ်။ ဒါမှလည်း ကယ်တင်ရှင်ဖြစ်ပြီး လိုသလိုခြယ်လှယ်နိုင်မှာ မဟုတ်ပါလား။ သာမန်အားဖြင့်ကြည့်ရင် စေတနာမှန်သလိုလို ထင်ရပေမယ့် အမှန်က ပြဿနာ ပိုရှုပ်ထွေးအောင်၊ ရွေးကောက်ပွဲ မအောင်မြင်အောင် ယုတ်မာတာ သက်သက်လို့ ဆိုရပါလိမ့်မယ်။ ဥပမာအားဖြင့် ထိုင်းနိုင်ငံကိုကြည့်။ သက်ဆင်ဝန်ကြီးချုပ်ဘဝမှာ ပြည်ပထွက်ပြေးသွားရတယ်။ တရားရုံးမှာ တရားစွဲထားတယ်။ All Inclusive အရ သူ့ကိုတရားစွဲထားတာတွေ ကင်းလွတ်ခွင့်ပေးပြီး သူ့ကိုရွေးကောက်ပွဲ ဝင်ခွင့်ပေးခဲ့လို့လား။ သူကိုယ်တိုင်ကရော ဥပဒေအရသာ ဖြေရှင်းပြီး ဥပဒေနဲ့အညီ နေထိုင် နေတာပဲ မဟုတ်လား။ အဲ့ဒီအခြေအနေမျိုးမှာ All Inclusive  ဆိုပြီး ထိုင်းနိုင်ငံရေးမှာ သက်ဆင်ပါဝင်လာ စေဖို့ ဘယ်သူတွေကများ ဖိအားပေးခဲ့ကြပါသလဲ။ မလေးရှားမှာ အဏ္ဏဝါပီဘရာဟင် ထောင်ကျနေတုန်းကရော All Inclusive  အသံထွက်ရဲ့လား။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပြစ်ဒဏ်ကျခံနေရတဲ့ ကြိုက်တဲ့သူတွေကို လေ့လာကြည့်။ မြန်မာနိုင်ငံရဲ့ ဥပဒေနဲ့အညီ တရားစွဲဆိုခြင်း ဟုတ် မဟုတ်၊ အပြစ်ရှိ မရှိ တရားရုံး ဆုံးဖြတ်ချက်သည် ဥပဒေနဲ့ ညီ မညီ။ ဘယ်လိုပဲပြောပြော၊ မြန်မာနိုင်ငံသား အားလုံး မြန်မာ့ရွေးကောက်ပွဲမှာ ဥပဒေအရ All Inclusive  အဖြစ် သူတို့က ပါပြီးသားပါ။ ဥပဒေ ထက်ကျော်လွန်ပြီး အထူးအခွင့် အရေးပေးသင့်၊ မပေးသင့် All Inclusive  လို့ ပြောနေကြသူများ ပြန်လည်စဉ်းစားဖို့သာ လိုပါတယ်။ 
    မေ ၁၀ ရက် နေ့စွဲနဲ့ NUCC နဲ့ NUG က ပြန်လည်ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး နိုင်ငံရေးပါတီတွေကို တိုက်တွန်းကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။ ရွေးကောက်ပွဲအတွက်အချိန် မကျသေးကြောင်းနဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည် အောင်လုပ်တဲ့ ရွေးကောက်ပွဲ ဖြစ်တဲ့အတွက် မဝင်ကြဖို့ လှုံ့ဆော်တာပဲ ဖြစ်ပါတယ်။ အတော်တော့ ရယ်စရာကောင်းတယ်။ သူတို့မဲ ခိုးတာကို မကြိုက်လို့ ဝိုင်းတိုင်ကြတဲ့ပါတီတွေ၊ မဲခိုးတာကို သိရဲ့သားနဲ့ မပြောချင်လို့ ငုံနေတဲ့ပါတီတွေ၊ သူတို့မပါရင် ငါတို့အတွက် ထိုက်သင့်သလောက် အိုကေနိုင်တယ်ဆိုတဲ့ပါတီတွေ၊ သူပါပါ မပါပါ ငါတို့ တိုင်းရင်းသားတွေအတွက် ငါတို့အခွင့်အရေးပဲဆို တဲ့ပါတီတွေကို သူတို့တော်လှန်ရေးပြီးမှ ပါဝင်ကြ ပါဆိုတာ အတော် ကိုယ်ကျိုးကြည့်တဲ့သူတွေလို့ ဆိုရမယ်။ NLD လက်ထက်မှာတောင် တူတူတန်တန် အဆက်ဆံ မခံရတာ၊ သူတို့သာ အာဏာရကြည့်။ ဒီနိုင်ငံရေးပါတီတွေ မြောင်းထဲမရောက်ရင် ကံကောင်း။ ဒါကို ပြည်တွင်းက တရားဝင်နိုင်ငံရေးပါတီတွေ နားလည်ကြပါတယ်။ ကြည့်ရတာ ရွေးကောက်ခံ legitimacy အစိုးရပေါ်လာပြီး မြောင်းထဲရောက်သွားမှာ ကြောက်နေပုံရတယ်။  NUCC နဲ့ NUG တို့ ဘယ်လိုဆက်ပြီး ကဖျက်ယဖျက်လုပ်မလဲ စောင့်ကြည့်ရဦးမှာပါ။ 
    ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူး။ မဲခိုးမှာ သေချာတယ်ဆိုပြီး အသံပစ် ဝါဒဖြန့်နေကြတာတွေလည်း တွေ့ရပါတယ်။ မြန်မာ့နိုင်ငံရေးသမိုင်းမှာ တပ်မတော်က တာဝန်ယူပြီး ရွေးကောက်ပွဲလုပ်ပေးခဲ့တာတွေ ရှိခဲ့ပါတယ်။  ဖဆပလ အကွဲအပြဲမှာ အိမ်စောင့်အစိုးရ တာဝန်ယူပြီး ၁၉၆၀ ပြည့်နှစ် ရွေးကောက်ပွဲကျင်းပပေးရာမှာ မျှတခြင်း ရှိမရှိ၊ ၁၉၉၀ ပြည့်နှစ်ရွေး ကောက်ပွဲမှာ မျှတခြင်းရှိ မရှိ၊ ၂၀၁၀ ရွေးကောက်ပွဲမှာ မျှတခြင်းရှိ မရှိ ပြန်ကြည့်ပါ။ တပ်မတော်အနေနဲ့ မဏ္ဍိုင်အဖြစ်သာ ရပ်တည်ပြီး နိုင်ငံရေးဧရိယာက နိုင်ငံရေးသမားတွေကိုသာ လွတ်လပ်စွာ ပြိုင်စေခဲ့ တာ မဟုတ်ဘူးလား။ ၂၀၁၀ ရွေးကောက်ပွဲမှာ တပ်မတော်အစိုးရလက်ထက် ဖွဲ့စည်းခဲ့တဲ့ ပြည်ခိုင်ဖြိုးအသင်းက ပါတီပြောင်းပြီး မဲဝင်ပြိုင်တဲ့အတွက် အသံတွေ ထွက်လာတာ ရှိခဲ့ပါတယ်။ ဒါကလည်း ထင်ရှားပြ ဆိုနိုင်တာမရှိဘဲ တပ်မတော်မုန်းတီးရေး မီဒီယာတွေရဲ့ ဝါဒဖြန့်မှု သက်သက်အဖြစ်သာ တွေ့ရမှာဖြစ်ပါတယ်။   ဧရာဝတီ အောင်ဇော်ပြောသလို ဦးသိန်းစိန် အစိုးရလက်ထက်ကို တပ်မတော် အုပ်ချုပ်တဲ့ကာလ အဖြစ်ယူ မယ်ဆိုရင် သူအာဏာရှိချိန်၊ သူခန့်ထားတဲ့ ရွေးကောက် ပွဲကော်မရှင်က ကျင်းပပေးတဲ့ ၂၀၁၅ ခုနှစ် ရွေးကောက် ပွဲကို ဘယ်လိုပြောမလဲ။ မဲသာခိုးခဲ့ရင် NLD အစိုးရဆိုတာ ပေါ်လာပါဦးမလား။ ဒေါ်သက်သက်ခိုင်ပြောသလို တပ်မတော်က မဲဝင်ရွေးစရာ ကိုယ်စားလှယ်မရှိလို့ ခိုးစရာကိုမလိုဘူး။ ပြည်ခိုင်ဖြိုးအတွက်လည်း တပ်မတော် သိက္ခာအကျခံပြီး ဘယ်သူမှခိုးမပေးဘူး။ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မသမာမှုဖြစ်ရင် နစက သိက္ခာကျမယ်၊ သမိုင်းအစွန်းထင်းခံရမယ်ဆိုတာ သေချာနေတဲ့အတွက် လုပ်ကိုမလုပ်ဘူး။ ရှေ့က ကော်မရှင်ကို သင်ခန်းစာယူပြီး လက်ရှိကော်မရှင်ကလည်း သူ့ဘဝအပျက်ခံပြီး လုပ်မှာမဟုတ်ဘူး။ ဒီလိုအခြေအနေတွေ မြင်နေရက်နဲ့ လုပ်တောင် မလုပ်ရသေးဘဲ အပျက်ကစပြောနေကြတာ ဘာသဘောလဲ။ သေချာတာကတော့ မင်းသားကြီးမဖြစ်မှာ သေချာလို့ ပတ်မကြီးထိုးဖောက်တဲ့ သဘောပါပဲလေ။ (ဇော်နိုင်)

(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၁၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 12

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43868

© 2022 - 2025 News. All Rights Reserved.