နေပြည်တော်၊ နိုဝင်ဘာ ၂၇
စစ်ရေးပဋိပက္ခကြောင့် ကယားပြည်နယ်အတွင်းမှ တိမ်းရှောင်လာကြသည့် ကျောင်းသူ၊ ကျောင်းသားများကို တောင်ကြီးမြို့ နီးစပ်ရာ ကျောင်းများတွင် သက်ဆိုင်ရာဒေသအုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ အစိုးရနှင့် နိုင်ငံရေးပါတီများက ပူးပေါင်းကူညီ ကျောင်းအပ်လက်ခံနိုင်ရေး ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ကယားပြည်နယ်အတွင်းက အချို့သော ကျောင်းများမှာ စစ်ရေးပဋိပက္ခ ဖြစ်စဉ်များကြောင့် ပျက်စီးမှုရှိခဲ့ပြီး ကျောင်းအုပ်ထောက်ခံချက်မပါရှိသည့် ကျောင်းသူ၊ ကျောင်းသားများအတွက် တောင်ကြီးမြို့တွင် ယာယီပညာရေးမှူးရုံး ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ ချုပ်ပါတီ (PNO) အတွင်းရေးမှူး (၂)စော ခွန်ကျော်ဝင်းက ပြောသည်။
"ကယားပြည်နယ်ဘက်ကလာတဲ့ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားအားလုံးကိုတော့ ကျောင်းအပ်လို့ရအောင် အုပ်ချုပ်ရေးမှူးရယ်၊ ဒေသခံအဖွဲ့အစည်းရယ်၊ အစိုးရရယ် အားလုံးပူးပေါင်းပြီးတော့ သူတို့နဲ့ အနီးစပ်ဆုံး အစိုးရကျောင်းတွေမှာ တက်လို့ရအောင် ဆောင်ရွက်ပေးပါတယ်။ ကယား ပြည်နယ်ဘက်က မှန်ကန်ကြောင်း ထောက်ခံချက်ပါရင် အပ်လို့ရတယ်။ အားလုံးကျောင်းနေလို့ ရတယ်။ လက်ရှိ ရှမ်းမြောက်ကျတော့ ကျောင်းဖွင့်ပြီး နောက်ပိုင်းမှ တိုက်ပွဲတွေဖြစ်လို့ ရောက်လာကြတဲ့ သူတွေရှိတယ်။ ဒါပေမဲ့ ကျောင်းနေအရွယ်နဲ့ ပတ်သက်လို့ သိပ်ပြီး လက်လှမ်းမမီဘူးဖြစ် နေတယ်။ ရွှေ့လာကြတာကလည်း ကျောင်းအပ်ပြီး လေးလ၊ ငါးလလောက်မှ ရွှေ့လာကြတာ။ နောက်ကျပြီး လာတော့ ဘယ်လိုပုံစံနဲ့ ကျောင်းအပ်ကြလဲဆိုတာ လက်လှမ်းမမီဘူး။ ကျွန်တော်တို့ တောင်ကြီး တောင်ဘက်အခြမ်း မြို့ပေါ်မှာတော့ စစ်ရှောင်အများကြီးရှိတယ်။ ကျောင်းသားအရွယ် သိပ်မပါဘူး။ အများစုကတော့ ကယားပြည်နယ် ဘက်ကများတယ်။ သူတို့ရှိတဲ့ နေရာ၊သူတို့ တည်းခိုတဲ့နေရာ အဲဒါနဲ့ အနီးစပ်ဆုံးကျောင်းမှာ နေလို့ရအောင် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက် ပေးတယ်။ တချို့က ကျောင်းအပ်ဖို့ အခက်အခဲရှိတယ်။ အဲဒီအခါကျရင် စစ်ရှောင်ပါ၊ ကူညီဆောင် ရွက်ပေးဖို့ လိုအပ်ပါတယ်ဆိုတဲ့အကြောင်း ညှိနှိုင်းတဲ့အခါ ကျောင်းအပ် လက်ခံပေးတယ်။ အဓိကတော့ ကယားပြည်နယ်ထဲက ထောက်ခံချက်ပါ။ တချို့က ကျောင်းမရှိတော့ဘူး။ ကျောင်းအုပ်ကို ရှာလို့ မရ ဘူး။ ဆက်သွယ်မရဘူးဆိုရင်လည်း သက်ဆိုင်ရာက ယားပြည်နယ်ဘက်က ပညာရေးမှူး ရုံးဖွင့်တဲ့ နေရာရှိတယ်။ ယာယီတောင်ကြီးမှာဖွင့် တာလည်းရှိတယ်။ လွိုင်ကော် ပြန်ယူလို့ရရင် ပြန်ယူပေါ့နော်။ အဲဒီ ထောက်ခံချက်နဲ့အားလုံး ပြန်နေလို့ရတယ်။ တချို့ကကျောင်းတွေ မရှိတော့ဘူး။ ပျက်သွားတယ်။ လူတွေလည်း နေလို့မရတော့ဘူး။ သက်ဆိုင်ရာ ကျောင်းအုပ် ထောက်ခံချက်လည်း မရနိုင်တော့ဘူး။ ဒါပေမဲ့ မှန်ကန်ပါတယ်ဆိုတဲ့အကြောင်း ထောက်ခံချက်ရရင် အကုန်လက်ခံပေးတယ်"ဟု ၎င်းကပြော သည်။
အခုအခါ ပညာရေးဝန်ကြီးဌာနအနေဖြင့် တက္ကသိုလ်များမှ နေ့သင်တန်း ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ် သည့်အခါတွင် မိဘများ၏ မှတ်ပုံတင်မိတ္တူများကို ဘွဲ့လက်မှတ်ဆောင်ရွက် နိုင်ရန်အတွက် တောင်းခံကြောင်း၊ မိဘများ၏ မှတ်ပုံတင်မိတ္တူများ မပါလျှင်လည်း ကျောင်းအပ် လက်ခံကြောင်း သိရသည်။ Online ဖြင့် ဆောင်ရွက်သည့် စမ်းသပ်ကျောင်းများတွင် မိဘများ၏ မှတ်ပုံတင် နံပါတ်ကိုသာ ဖြည့်ရန်လိုအပ်ကြောင်း သိရသည်။
ဒုတိယနှစ်နှင့်အထက် သင်တန်းကျောင်းသားကျောင်းသူများ၏ အချက်အလက်များသည် သက်ဆိုင်ရာ ကျောင်းများတွင်ရှိပြီး မိဘများ၏ အိမ်ထောင်စုဇယားကို အဆောင်နေထိုင်ခွင့် လျှောက်ထားလျှင် အဆောင်စည်းမျဉ်း၊ စည်းကမ်းများနှင့် ကိုက်ညီမှု ရှိမရှိ စိစစ်ရန်အတွက်သာ တောင်းခံခြင်းဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာနအနေဖြင့် မိဘများ၏ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုဇယား အထောက်အထားများ မပါရှိဘဲ စစ်ဘေးရှောင်ကလေးများ ရောက်ရှိဒေသမှ အခြေခံပညာ ကျောင်းများသို့ ဝင်ရောက်သင်ကြားခွင့် ပြုလျက်ရှိကြောင်း သိရသည်။ ကွန်းဈာန်