ရန်ကုန်၊ ဇန်နဝါရီ ၂
ပြည့်သူ့ကျန်းမာရေးဝန်ဆောင်မှုအတွက် လိုအပ်သော ကာကွယ်ဆေး အမျိုးအစားအလိုက် အကြိမ်ရေ ရှစ်သိန်းကျော်ကို နိုင်ငံတော်မှ အလုံးစုံကျခံ၍ ဝယ်ယူထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေး ထိုးလုပ်ငန်းဌာနခွဲမှ နိုင်ငံတစ်ဝန်းလုံးရှိ ကလေးငယ်များ အသက်အရွယ်အလိုက် လိုအပ်သော ကာကွယ်ဆေး ၁၃ မျိုးနှင့် ဆက်စပ်ပစ္စည်းများကို ပြတ်လပ်မှုမရှိစေရန် ဝယ်ယူ၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များသို့ ဖြန့်ဖြူးပေးနေခြင်းဖြစ်ကြောင်း သိရသည်။
ယခုအခါ နိုင်ငံတော်မှ အလုံးစုံ ကျခံသုံးစွဲသော နည်းလမ်းဖြင့် ဝယ်ယူထားသော ကာကွယ် ဆေးတစ်ပုလင်းလျှင် ကလေးငယ် ၂၀ အတွက် ပါဝင်သည့် ပြင်းထန်တီဘီရောဂါကာကွယ်ဆေး ဘီစီဂျီကာကွယ်ဆေး (BCG vaccine) ဆေးပုလင်း ၄၀၀၀၀၊ စုစုပေါင်းကာကွယ်ဆေး ၈၀၀၀၀၀ doses သည် ဒီဇင်ဘာ ၂၇ ရက်က ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး အဆိုပါ ကာကွယ်ဆေးများအား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဌာနခွဲ၊ ဗဟိုကာကွယ်ဆေးသိုလှောင် အအေးခန်း (ရန်ကုန်)သို့ အအေးလမ်းကြောင်းမပြတ် ပို့ဆောင်၍ သတ်မှတ်အပူချိန်အတွင်း ထိန်းသိမ်းထားရှိကြောင်း သိရသည်။
အဆိုပါ ဘီစီဂျီကာကွယ်ဆေး (BCG vaccine) များကို ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းအစီအစဉ်တွင် အသက် (၁)နှစ်အောက် ကလေးငယ်များအား သတ်မှတ်အရွယ်တွင် ထိုးနှံပေးသွားရန်အတွက် ဗဟိုကာကွယ်ဆေး သိုလှောင် အအေးခန်း(ရန်ကုန်)မှ ဆက်လက်ဖြန့်ဖြူး ပေးသွား မည်ဖြစ်ကြောင်း သိရသည်။ ထူးမြတ်