နေပြည်တော်၊ နိုဝင်ဘာ ၂၇
ကုန်ဈေးနှုန်း မြင့်တက်လာမည့် အန္တရာယ်ကို ကာကွယ်သည့်အနေဖြင့် ကရင်ပြည်နယ်အတွင်းက ကုန်ကားများကို ဂိတ်ကြေး ကောက်ခံလျက်ရှိသည့် KNU (KNLA-PC) ဂိတ်များကို တပ်မတော်မှ ဖယ်ရှားပေးရန် ညွှန်ကြားထားကြောင်း ကော့ကရိတ်မြို့ ဒေသခံများထံမှ သိရသည်။
ကရင်ပြည်နယ်အတွင်း လက်နက်ကိုင် သောင်းကျန်းလျက်ရှိသည့် KNDO အဖွဲ့များ ဆက်ကြေးကောက်သည့် နေရာများကိုလည်း တပ်မတော်အနေဖြင့် ရှင်းလင်းလျက်ရှိကြောင်း ကရင်ပြည်နယ်အတွင်း နေထိုင်သည့် စီးပွားရေး၊ စစ်ရေးအခြေအနေ လေ့လာစောင့်ကြည့်သူတစ်ဦးက ပြောသည်။
ဓကုန်စည်စီးဆင်းမှုအနေနဲ့ အကြီးမားဆုံးပွင့်နေတဲ့ လမ်းကြောင်းကြီးရှိတယ်။ အာရှလမ်းသစ်မဟုတ်ဘဲနဲ့ BGF တပ်ရင်း ၁၀၁၈ ရှိတဲ့လမ်း။ အဲဒီလမ်းရယ်၊ မနှစ်က ပုံမှန်ဆင်းနေကြလမ်းဖြစ်တဲ့ ထို့ကော်ကိုးလမ်းရယ် အဲဒီလမ်းကနေ ကော့ကရိတ်မြို့ထိပ် တံတားကျိုးဂိတ်ကနေ ဖြတ်တယ်။ တံတားကျိုးမှာ Customs ဖြတ်တယ်။ ကုန်စည်စီးဆင်းမှု အရမ်းကောင်းတယ်။ လမ်းပန်းဆက်သွယ်ရေး အရမ်း မကောင်းပေမယ့်လည်း၊ အာရှလမ်းသစ်ကြီး အသုံးပြုလို့ မရသေးဘူးဆိုပေမယ့်လည်း KNU တွေ ထိန်းချုပ်ထားတဲ့ တောင်ပေါ်လမ်းဟောင်းကလည်း သုံးလို့ရနေတယ်။ ဒါပေမဲ့ သူတို့က မြို့ရဲ့အစွန်တံတိုင်းမှာ ရှိနေတာကြောင့် သူတို့က မြို့ထဲကို ပေးမဆင်းဘူး။ ကုန်စည်စီးဆင်းမှုက လတ်တလောမှာ အရမ်းကောင်းနေတယ်လို့ ပြောလို့ရတယ်။ ညမထွက်ရ ဒေသကြီးမှာကို ၂၄ နာရီကားတွေ သွားနေတာ။ တိုက်ပွဲတွေကတော့ မနှစ်ကလောက်ကြီး ကျယ်ပြန့်နေတာ မဟုတ်သေးဘူးဆိုပေမယ့်လည်း တောင်ပေါ်လမ်းဟောင်းနဲ့ ကော့ကရိတ်မြို့ထိပ်မှာ တိုက်ပွဲတွေ ပြင်းထန်နေတုန်းပဲ။ KNDO တွေရှိတဲ့ တောင်ပေါ်လမ်းဟောင်းကြီးကို တပ်မတော်ကတက်ပြီး တိုက်တဲ့အခါကျတော့ KNDO တွေက ကျုံဒိုးနဲ့ ကော့ကရိတ်ကြား အာရှလမ်းကြီးကို ဆင်းလာပြီးတော့ လူဦးရေ ၄၀၀ လောက်နဲ့ ဂိတ်ကောက်တယ်။ KNDO က ဂိတ်ကြေးတွေ အကြီးအကျယ်ကောက်တယ်။ ပြီးတော့ ထိုးစစ်ဆင်တယ်။ အဲဒီတော့ တပ်မတော် အနေနဲ့ KNDO တွေရှိတဲ့ နေရာတွေကို တက်လုံးတယ်။ လမ်းပေါ်မှာက KNU (KNLA-PC) ဂိတ်တွေပါရှိတယ်။ ကားတစ်စီးကို ၅၀၀၀၊ ၁၀၀၀၀ တောင်းကြတာရှိတယ်။ အဲဒီဂိတ်တွေကို မဖွင့်ရဘူး။ ကုန်ဈေးနှုန်းတွေ တက်လို့ဆိုပြီး တပ်မတော်ကနေခေါ် ယူညှိနှိုင်းပြီးတော့ ဂိတ်တွေကို ပိတ်ခိုင်းထားတယ်"ဟု ၎င်း ကပြောသည်။
ပြည်တွင်းသို့ သွင်းကုန်ပစ္စည်းများ ဝင်ရောက်ရာတွင် မူဆယ်၊ လားရှိုး၊ ထိုင်း နိုင်ငံ အစရှိသည့် ဒေသများမှ နေ့စဉ်ကား အစီးရေ ၁၀၀၀ နီးပါး ကော့ကရိတ်ဒေသ ကိုဖြတ်၍ ပြည်တွင်းသို့ ဝင်ရောက်လျက်ရှိကြောင်း ကော့ကရိတ်မြို့ ဒေသခံတစ်ဦးက ပြောသည်။
"လမ်းကြောင်းက ပွင့်နေတယ်။ တစ်နေ့ကို ကားအစီးရေ တစ်ထောင်နီးပါး ပြည်တွင်းကို ဝင်နေတယ်။ မူဆယ်၊ လားရှိုး၊ ထိုင်းနိုင်ငံဘက်ကဖြတ်ပြီး တရုတ်ပစ္စည်းတွေပါ ကော့ကရိတ်က ဖြတ်ဝင်နေတာ။ ရန်ကုန်မြို့မှာ လည်ပတ်နေတဲ့ ကုန်ကြမ်းပစ္စည်းတွေ ပေါ်ပြူလာ ပလတ်စတစ်တို့၊ ကော်စေ့တို့၊ စက်ရုံကုန်ကြမ်းတွေ လူသုံးကုန်ပစ္စည်း၊ စားသောက်ကုန်တွေ ကော့ကရိတ် လမ်းကြောင်းက ဖြတ်ဝင်နေတာ။ ပွင့်နေတဲ့ လမ်းကြောင်းအပေါ်မှာ ဂိတ်ကြေးတွေ ကောက်နေကြတာ။ ကုန်ဈေးနှုန်းတွေတက်လို့ အဖွဲ့အစည်းတွေကိုတော့ ဖယ်ခိုင်းထားတယ်" ၎င်းကပြောသည်။
လတ်တလော အခြေအနေအရ ပွင့်လင်းရာသီ ရောက်ရှိခဲ့ပြီ ဖြစ်သော်လည်း ကရင်ပြည်နယ်အတွင်းက လက်နက်ကိုင်များအနေဖြင့် စစ်ရေးထက် စီးပွားရေးကို ဦးစားပေး လုပ်ကိုင်လာကြခြင်းကြောင့် ဒေသတွင်း လက်နက်ကိုင်ပဋိပက္ခများ ယမန်နှစ်ကထက် လျော့နည်းသွားကြောင်း စောင့်ကြည့် လေ့လာသူများထံမှသိရသည်။ ကွန်းဈာန်