ရန်ကုန်၊ ဖေဖော်ဝါရီ ၅
ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ- SNDP)က တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် ပါတီရုံးပေါင်း ၁၇၀ အထိ ဖွင့်လှစ်ရန် လျာထားကြောင်း ယင်းပါတီမှ သိရသည်။
"ကျွန်တော်တို့က ကော်မရှင်က သတ်မှတ်ထားတဲ့ ပါတီရုံးပေါင်း ၁၁၀ အနည်းဆုံးဖွင့်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အဲဒါကို ကျော်သွားပါပြီ။ လျာထားတာကလည်း အနိမ့်ဆုံးမြို့နယ် ၁၇၀ လောက်ဖွင့်ဖို့ လျာထားပါတယ်။ အဲဒါကို တဖြည်းဖြည်း ချင်းပြည့်အောင် ဖွင့်မယ်။ အခုလည်း ရုံးတွေ တောက်လျှောက်ဖွင့်နေပါတယ်" ကျားဖြူပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးစောသန်းမြင့်က ပြောသည်။
ပါတီရုံးများကို ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် အများဆုံး ဖွင့်လှစ်ထား ပြီး မန္တလေးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ရုံးများဖွင့်လှစ်ရန် ကျန်ရှိနေသေး ကြောင်း ယင်းပါတီမှ သိရသည်။
"ရုံးဖွင့်ဖို့က မန္တလေးတိုင်းမှာ အများဆုံးကျန်တယ်။ ပြီးတော့ တနင်္သာရီမှာလည်း ကျန်သေးတယ်။ ဆက်ပြီး ဖွင့်နေတယ်။ ဒါပေမဲ့ မန္တလေးတိုင်းကလည်း ဆက်ပြီးတော့ တောက်လျှောက်ဖွင့်နေတယ်၊ တနင်္သာရီတိုင်းမှာလည်း တိုင်းတာဝန်ခံတွေက ဆက်ပြီးဖွင့်နေတယ်။ မြို့နယ်မပြည့်သေးတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ရုံးတွေ တောက်လျှောက်ဖွင့်နေတယ်။ စည်းရုံးရေးတွေ တောက်လျှောက်လုပ်နေပါတယ်"ဟု ဦးစောသန်းမြင့်က ဆက်ပြောသည်။
ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)သည် ပြည်ထောင်စုတစ်ဝန်း စည်းရုံးမည့် ပါတီအဖြစ် UEC ၏ ကြေညာချက်အမှတ်(၃၃/၂၀၂၃)ဖြင့် ၂၀၂၃ ခုနှစ် ဇွန် ၂၃ ရက်မှ စတင်ကာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ရရှိထားသော ပါတီဖြစ်သည်။ ယင်းပါတီသည် ရန်ကုန်တိုင်းဒေသကြီးတွင် အလုံ၊ တိုက်ကြီး၊ အင်းစိန်၊ သန်လျင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)စသည့် မြို့နယ်များအပါအဝင်၊ ရှမ်းပြည်နယ် ကွန်ဟိန်းမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်၊ ဝေါမြို့နယ်တို့တွင် ပါတီရုံးခန်းများ ဖွင့်လှစ်ထားပြီး ပဲခူးမြို့တွင်လည်း ပြီးခဲ့သည် ဇန်နဝါရီ ၁၈ ရက်က ပါတီတိုင်းရုံး နှင့် မြို့နယ်ရုံးများ ဖွင့်လှစ်ခဲ့သည်။ (ညီသစ်)