ရန်ကုန်၊ ဖေဖော်ဝါရီ ၅
၂၀၂၅ခုနှစ် ဇန်နဝါရီလအတွင်းထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမား ၁၅၀ ကျော်ကို တရားဝင် ပြန်လည်လက်ခံကြိုဆိုထားကြောင်း အမေရိကန်အစိုးရ၏ ၂၀၂၄ ခုနှစ် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အစီရင်ခံစာပါ အကြံပြုချက်များနှင့် စပ်လျဉ်း၍ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေနှင့်ပတ်သက်၍ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာလုပ်သားအရေး ဆောင်ရွက်ချက်နှင့်ပတ်သက်၍ Complaint Mechanism Center များ၊ မြို့နယ်အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံးများ၊ ရွှေ့ပြောင်းအလုပ်သမား ထောက်ပံ့ကူညီပေးရေး ဗဟိုဌာနများ (MRC)၊ အလုပ်သမားသံအရာရှိရုံးများနှင့် ဝန်ကြီးဌာနသို့ အလုပ်သမားရေးရာ တိုင်ကြားမှုများအပေါ် လက်ခံဖြေရှင်း ပေးလျက်ရှိရာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း စုစုပေါင်းတရားစွဲဆိုမှု ခြောက်မှု၌ တရားစွဲဆိုခံရသူ ၁၃ ဦးရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမားများကို တရားဝင် ပြန်လည်လွှဲပြောင်းပေးခြင်းအား သက်ဆိုင်ရာ နယ်စပ်ဂိတ်များတွင် ကော်မတီများဖွဲ့စည်း၍ ပြန်လည်ကြိုဆို လက်ခံလျက်ရှိရာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း ကျား ၁၂၇ ဦး၊ မ ၂၇ ဦး စုစုပေါင်း ၁၅၄ ဦးတို့ကို ပြန်လည်ကြိုဆိုလက်ခံခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသည့် အလုပ်သမားများသည် ပြည်ထောင်စုနယ် မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ ခုရှိ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများတွင် အလုပ်ရှာဖွေသူများအနေဖြင့် အလုပ်သမားမှတ်ပုံတင်နိုင်ပြီး ယင်းကဲ့သို့ အလုပ်သမား မှတ်ပုံတင်ထားသော အလုပ်ရှာဖွေသူများအတွက် အလုပ်အကိုင်နှင့် အလုပ်သမားရှာ ဖွေရေးရုံးများအနေဖြင့် အလုပ်ရှင်များထံမှ အမှာစာများလက်ခံ၍ ၎င်းတို့၏ ကျွမ်းကျင်မှုအလိုက် အလုပ်ရရှိရေး ချိတ်ဆက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပြည်တွင်း၌ နိုင်ငံခြားသား အလုပ်သမားများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (Myanmar Invest-ment Commission -MIC) ခွင့်ပြုမိန့်ဖြင့် လုပ်ကိုင်လျက်ရှိသော ပြည်တွင်း/ပြည်ပရင်း နှီးမြှုပ်နှံမှု လုပ်ငန်းများတွင် နိုင်ငံခြားသား အကြီးတန်းစီမံခန့်ခွဲသူများနှင့် ကျွမ်းကျင် ပညာရှင်များ၏ အလုပ်လုပ်ကိုင်ခွင့်ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုပေးလျက်ရှိပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ ဌာနဆိုင်ရာ ပူးပေါင်းလုပ်ငန်းအဖွဲ့တွင် အဖွဲ့ဝင်အဖြစ်ပါဝင်၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေပုဒ်မ ၅၁ (က) အရ နိုင်ငံခြားသားအလုပ်သမား မှတ်ပုံတင်ခြင်း၊ သက်သေခံကတ်ပြား ထုတ်ပေးခြင်း၊ သက်တမ်းတိုးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲ မှုကော်မတီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်၍ ထားဝယ်၊ သီလဝါနှင့် ကျောက်ဖြူအထူးစီး ပွားရေး ဇုန်များတွင် လာရောက်လုပ်ကိုင်လျက်ရှိသည့် နိုင်ငံခြားသား အလုပ်သမားများအား ၂၀၁၄ ခုနှစ် မြန်မာအထူးစီးပွားရေးဇုန် ဥပဒေ ပုဒ်မ ၇၇ အရ နိုင်ငံခြားသား အလုပ်သမား မှတ်ပုံတင်ခြင်း၊ သက်သေခံကတ်ပြား ထုတ်ပေးခြင်း၊ သက်တမ်းတိုးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ (ထူးမြတ်)