နေပြည်တော်၊ ဇန်နဝါရီ ၂၉
ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီ (PNO)အနေဖြင့် ရွေးကောက်ပွဲ ကျင်းပမည်ဆိုလျှင် ဝင်ရောက်ယှဉ်ပြိုင်ရန် အဆင်သင့်ဖြစ်နေပြီး ဖြစ်သော်လည်း လူထုကိုစည်းရုံးရေး လုပ်ဆောင်ရန်အတွက် တခြားသောပါတီများကို ငဲ့ကွက်နေရကြောင်း ပါတီ၏အတွင်းရေးမှူး(၂) စောခွန်ကျော်ဝင်းက ပြောသည်။
"ကော်မရှင်ကတော့ ဥပဒေအရ အနည်းဆုံး ပြည်နယ်၊ တိုင်းမှာ ယှဉ်ပြိုင်မယ်ဆိုရင် ပါတီငါးမြို့နယ် အနည်းဆုံး ရုံးဖွင့်ရမယ်။ ကျွန်တော်တို့က ခုနစ်မြို့နယ် ဖွင့်ထားတယ်။ ရွေးကောက်ပွဲ ကြေညာတဲ့အချိန်ကျမှ အကုန်လုံး ဝင်မလား၊ မဝင်ဘူးလား။ ဒါက ပါတီ ဆုံးဖြတ်ချက်အပေါ် မူတည်တယ်။ ခါတိုင်းကတော့ အများစုက ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေကတော့ သေချာတယ်။ အကုန်ဝင်မှာ။ အစဉ်အဆက်က အမြဲတမ်း အနိုင်ရနေတဲ့ နယ်မြေတွေပါ။ ကျွန်တော်တို့က လူထုနဲ့ အမြဲတမ်းတစ်သားတည်းရှိနေတယ်။ စည်းရုံးမယ်ဆိုရင် ကျွန်တော်တို့ အချိန်မရွေး စည်းရုံးလို့ရတယ်။ ပြဿနာမရှိဘူး။ ဒါပေမဲ့ တစ်နိုင်ငံလုံးမှာ ကျွန်တော်တို့ပါတီတစ်ခုတည်းကွက်ပြီး စည်းရုံးရေး ဆင်းမယ်ဆိုရင် မီဒီယာတွေမှာ ဖော်ပြလာရင် တခြားပါတီ တွေအတွက်၊ တခြားလူထုတွေ၊ တခြားလူတွေအတွက် အဆင်မပြေဖြစ်မှာ စိုးတဲ့အတွက် လောလောဆယ် မစည်းရုံးသေးတာ။ စည်းရုံးရေး လုပ်မယ်ဆိုရင် အချိန်မရွေး လုပ်လို့ရတယ်။ ပြီးခဲ့တဲ့လထဲမှာ ရုံးတွင်းပါတီအမာခံတွေ ဆုံပြီးပြီ။ မြို့နယ်အားလုံးက အမှုဆောင်တွေ၊ ပါတီအမာခံတွေ၊ လူထုတွေ၊ ကျေးရွာ ခေါင်းဆောင်တွေ အားလုံး ထိတွေ့မှု ရှိပြီးသား။ ရပ်ရွာထဲမှာ လှည့်လည်ပြီး တော့သာ စည်းရုံးရေးမလုပ်သေးတာ။ အား လုံး ပြင်ဆင်ထားပြီးသား။ အဆင်သင့်ရှိပါတယ်"ဟု ၎င်းက ပြောသည်။
အလားတူ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO)အနေဖြင့် ဒေသတွင်း ထိတွေ့တိုက်ပွဲများကြောင့် စည်းရုံးရေးမလုပ် ခြင်းမဟုတ်ကြောင်းနှင့် ရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်ကို စောင့်ကြည့်နေခြင်းဖြစ်ကြောင်း စောခွန်ကျော်ဝင်းက ထပ် မံပြောသည်။
"ကော်မရှင်က ဘာတွေထုတ်ပြန်ဦးမလဲ။ အဲဒါကိုစောင့်ကြည့်နေတယ်။ ကျွန်တော်တို့ကတော့ ကော်မရှင်က ထုတ်ပြန်ထားတဲ့ ဥပဒေ၊ ညွှန်ကြားချက်တွေအတိုင်း လိုက်လုပ်နေတယ်။ ညွှန်ကြားချက် တွေကို ကျော်ပြီးတော့လည်း ကျွန်တော်တို့ ဘာမှမလုပ်ထားဘူး။ နောက်တစ်ခု ရွေးကောက်ပွဲ ကိစ္စနဲ့ပတ်သက်လို့ ကော်မရှင်က လူထုကို စည်းရုံးဖို့ပြောတယ်။ လောလောဆယ် လူထုကို စည်းရုံးဖို့ မလုပ်သေးဘူး။ လောလောဆယ် ပါတီကို မထိခိုက်အောင် ရုံးတွေဖွင့်တာတို့၊ ပါတီဝင် အင်အားတို့ အစရှိသဖြင့် ဂရုစိုက်ဆောင်ရွက်တယ်။ သတ်မှတ်ချက် အားလုံးရပြီ၊ ပြည့်မီနေပြီ။ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် ကျွန်တော်တို့ပါတီက ဝင်ဖို့အတွက် အဆင့်ဆင့်ရှိတယ်။ နယ်မြေအနေအထားကတော့ ဆီဆိုင်၊ ပင်လောင်း နေ့တိုင်းလိုလို တိုက်ပွဲတွေရှိနေတယ်။ ကြီးကြီးကျယ်ကျယ် မဟုတ်တောင် နှစ်ဖက်က ထိတွေ့မှု ရှိနေတယ်။ ဒီဘက်ကတော့ နယ်မြေစိုးမိုးဖို့ ကြိုးစားနေတယ်။ တောင်ကြီး မြောက်ခြမ်း ရပ်စောက်မြို့နယ်မှာတော့ ကျွန်တော်တို့ရဲ့ PNO ရှိတယ်။ တပ်မတော် ရှိတယ်။ SSPP ရှိတယ်။ RCSS လည်းရှိတယ်။ ရှုပ်ထွေးမှုတော့ အများဆုံး ရှိတယ်။ ဘာဖြစ်လာမလဲ မပြောတတ်ဘူး။ တိုက်ပွဲတော့ မဖြစ်ပေမယ့်နယ်မြေ အဝင်အထွက် ကိစ္စတွေ၊ အခွန်အခကောက်တဲ့ကိစ္စတွေ နယ်မြေထဲမှာ ရှုပ်ထွေးတယ်။ အခြေအနေကိုတော့ စောင့်ကြည့်နေပါတယ်။ ကျွန်တော်တို့ ပါတီအနေနဲ့ ဒေသတွင်းမှာ ထိတွေ့မှုတွေကြောင့် လူထုကို စည်းရုံးရေးမလုပ်တာ မဟုတ်ဘူး"ဟု ၎င်းကပြောသည်။
ယခုအခါ ပအိုဝ်းအမျိုးသားအဖွဲ့ ချုပ်ပါတီ (PNO) က တောင်ကြီး၊ ဟိုပုံး၊ ဆီ ဆိုင်၊ ပင်လောင်း၊ လွယ်လင်၊ ကလော၊ မောက်မယ် အစရှိသည့် မြို့နယ်များတွင် ပါတီရုံးခန်းများ ဖွင့်လှစ်ထားကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူ့ဆန္ဒဖြစ်သည့် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီစနစ်ကို မလွဲမသွေ ဆက်လက်လျှောက်လှမ်းနိုင်ရန် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပနိုင်ရေး လိုအပ်သည့် ပြင်ဆင်မှုများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း၊ မဲဆန္ဒရှင်ပြည် သူများ၏ဆန္ဒမှန်ကို ထုတ်ဖော်နိုင်သည့် လွတ်လပ်ပြီး တရားမျှတသည့် အထွေထွေ ရွေးကောက်ပွဲကို မဖြစ်မနေ ပြုလုပ်ပေးသွား မည်ဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီ ၁၅ ရက် (၇၃)နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် အလေးအနက် ပြောကြားထားသည်။
လက်ရှိနိုင်ငံတွင်း၌ ဖြစ်ပေါ်နေသည့် မတည်ငြိမ်မှုများနှင့် ဆူပူအကြမ်းဖက်မှုများမှာ ဒီမိုကရေစီရေးကို ဆောင်ရွက်နေသည်ဟုဆိုသူများက မဲမသမာမှုများဖြင့် နိုင်ငံတော်အာဏာကို မတရားသဖြင့် ရယူရန် ဆောင်ရွက်ခဲ့ပြီး ဥပဒေနှင့်အညီ ဒီမိုကရေစီ နည်းလမ်းကျ ဖြေရှင်းခဲ့ခြင်းမရှိဘဲ လက်နက်ကိုင် အကြမ်းဖက်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြသောကြောင့်သာဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားထားသည်။ ကွန်းဈာန်