ရန်ကုန်၊ ဇန်နဝါရီ ၈
၂၀၂၄ ခုနှစ် မြန်မာနိုင်ငံ မူဆယ် - တရုတ်နိုင်ငံ ရွှေလီနယ်စပ်ဖြတ်ကျော်မာရသွန် အပြေးပြိုင်ပွဲကို ဇန်နဝါရီ ၅ ရက်က ရွှေလီမြို့၌ ကျင်းပခဲ့ရာ တရုတ်၊ မြန်မာ၊ ဗြိတိန် စသည့်နိုင်ငံနှင့် ဒေသပေါင်းများစွာမှ လူပေါင်း ၉၀၂၉ ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သိရသည်။
အဆိုပါပြိုင်ပွဲတွင် မာရသွန်၊ တာဝက်မာရသွန်၊ အပျော်တမ်းအပြေးပြိုင်ပွဲ၊ မိသားစုအပြေးပြိုင်ပွဲဟူ၍ အုပ်စုလေးခုခွဲထားပြီး ပြိုင်ပွဲတွင် မြန်မာနိုင်ငံသားများ မာရသွန်ပြိုင်ပွဲ၊ မြန်မာနိုင်ငံသားများအတွက် မာရသွန်ပြိုင်ပွဲဆုများလည်း သီးသန့်စီစဉ်ထားကာ တရုတ်-မြန်မာ နှစ်နိုင်ငံမှ မူလတန်း ကျောင်းသားများ၊ ဒေသခံတိုင်းရင်းသား လူမျိုးငါးခု စသည့် လူပေါင်း ၁၂၀၀ ကျော်ဖြင့် ပန်းဖွားအက အဖွဲ့ ဖွဲ့စည်းကာ ပြိုင်ပွဲ ပြေးလမ်းတစ်လျှောက်နေရာ ၃၅ ခုတွင် ပြိုင်ပွဲဝင်များကို အားပေးနိုင်ရန် စီစဉ်ခဲ့ကြောင်း တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရသိရသည်။
ထိုနည်းတူ ပြိုင်ပွဲပြေးလမ်းတစ်လျှောက်တွင် ရသာမွန် စားသောက်ဖွယ်ဖြင့် အားဖြည့်ရာနေရာ လေးခုစီစဉ်ထားပြီး အားကစားသမားများ စားဖွယ်စုံပေါင်း ၂၀၀၀ ကျော်စီစဉ်ပေးခဲ့ပြီး ပြိုင်ပွဲကာလအတွင်း ရွှေလီမြို့တွင် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ပြပွဲ၊ ပွဲဈေး၊ မနော အက၊ မီးပုံပွဲတော်၊ တိုင်း ရင်းသားအဆိုတော် စတိတ်ရှိုး အစီအစဉ်များလည်း ပါဝင်ကြောင်း သိရသည်။
တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် မာရသွန်အပြေးပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ပြိုင်ပွဲဝင် မောင်မျိုးမင်းထက်က မာရသွန်အပြည့် မြန်မာအမျိုးသားပြိုင်ပွဲအုပ်စု၏ ပထမဆုကိုလည်းကောင်း၊ မထက်ယံပြည့်ဦးမှ မာရသွန်အပြည့် မြန်မာအမျိုးသမီးပြိုင် ပွဲအုပ်စု၏ ပထမဆုကိုလည်းကောင်း၊ ဇော်ခိုင်က တစ်ဝက်မာရသွန် မြန်မာအမျိုးသား ပြိုင်ပွဲအုပ်စု၏ ပထမဆုကိုလည်းကောင်း၊ မအေးအေးသိန်းမှ တစ်ဝက်မာရသွန် မြန်မာအမျိုးသမီး ပြိုင်ပွဲအုပ်စု၏ ပထမဆုကို လည်းကောင်း အသီးသီး ဆွတ်ခူးရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ထုတ်ပြန်ခဲ့သည်။ နဒီ