ရန်ကုန်၊ ဇန်နဝါရီ ၂၂
တိုင်းရင်းဆေးပညာရပ်နှင့် တိုင်းရင်းဆေးဝါး ထုတ်ကုန်များ နိုင်ငံတကာကို ထိုးဖောက်နိုင်ဖို့အတွက် တိကျခိုင်မာသည့် သုတေသနပြုထားသည့် အချက်အလက်များ ပိုမိုရရှိဖို့အတွက် တိုင်းရင်းဆေးပညာရှင်ကြီးများနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။
"တိုင်းရင်းဆေးပညာနဲ့ပတ်သက် ပြီးတော့လည်း လက်တွေ့အသုံးချ သုတေသနတွေက တစ်ဆင့် ပြည်သူတွေ လက်တွေ့အကျိုးရှိစေရေးနဲ့ မိမိတို့နိုင်ငံရဲ့ တိုင်းရင်းဆေးပညာရပ်နဲ့ တိုင်းရင်းဆေးဝါး ထုတ်ကုန်တွေ နိုင်ငံတကာကို ထိုးဖောက်နိုင်ဖို့အတွက် တိကျခိုင်မာတဲ့ သုတေသနပြုထားတဲ့ အချက်အလက်တွေ ပိုမိုရရှိဖို့အတွက်ကိုလည်း တိုင်းရင်းဆေးပညာရှင်ကြီးများနဲ့ တိုင်းရင်းဆေးပညာ ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ တိကျမှန်ကန်တဲ့ သုတေသနရလဒ်တွေအပေါ်မူတည်ပြီး ကျန်းမာရေးစီမံချက်တွေကို ချမှတ်ဆုံးဖြတ်ရခြင်းနဲ့ ရလဒ်အခြေပြုမူဝါဒများ ရေးဆွဲခြင်းတွေကို ဆောင်ရွက်ရတာဖြစ်ပါတယ်။ ဒါကြောင့် သုတေသနတွေကို ဆောင်ရွက်နေကြတဲ့ သုတေသီများ ကိုယ်တိုင်ကလည်း မိမိတို့ရဲ့ သုတေသန ရလဒ်တွေရဲ့အရေးပါပုံကို သေချာစွာ သိရှိနားလည်ပြီး သုတေသန ကျင့်ဝတ်တွေကို တိကျစွာ လိုက်နာဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတာလည်း အမြဲမပြတ် သတိပြုရမှာ ဖြစ်ပါတယ်"ဟူ၍ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားခဲ့ သည်။
ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်)တွင် ဇန်နဝါရီလ ၂၀ ရက်က ပြုလုပ်သော (၅၃)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် ဂုဏ်ပြုဗီဒီယိုမိန့်ခွန်းတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့အပြင် သုတေသနရလဒ်များ၏ အရေးပါပုံကို သေချာစွာ သိရှိနားလည်ပြီး သုတေသန ကျင့်ဝတ်များကိုလည်း တိကျစွာ လိုက်နာဆောင်ရွက်ဖို့ လိုအပ်သည်ကိုလည်း အမြဲမပြတ် သတိပြုရ မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် အရာရာကို လေ့လာစူးစမ်း သုတေသနပြုလုပ်ပြီးမှ လုပ်ငန်းများကို ဆောင်ရွက်လိုသည့် စိတ်နေစိတ်ထား၊ တစ်နည်းအားဖြင့် သုတေသနပြုလိုသည့် စိတ်ရှိသည့် လူငယ်လူရွယ်များ၊ ပညာရှင်များစွာ ပေါ်ထွက်လာအောင် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
"ဒီလိုမျိုး ကျင့်ဝတ်နဲ့အညီ သုတေသန ပြုလိုစိတ်ရှိတဲ့ ပုဂ္ဂိုလ်တွေ မိမိတို့နိုင်ငံမှာ များစွာ ပေါ်ပေါက်လာပြီး သုတေသနဆိုင်ရာ ယဉ်ကျေးမှုတစ်ရပ်တစ်ခု တိုးတက်ဖြစ်ထွန်း ရှင်သန်လာစေဖို့ ဆောင်ရွက်ရာမှာ သုတေသနဆိုင်ရာ အကြံပေးအဖွဲ့များကိုလည်း စနစ်တကျပြန်လည်ဖွဲ့စည်းခြင်း၊ သုတေသန ကျင့်ဝတ်ဆိုင်ရာ ဘုတ်အဖွဲ့များကိုလည်း လိုအပ်သလို တိုးမြှင့်ဖွဲ့စည်းခြင်းတွေကိုလည်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်" ဟူ၍ နိုင်ငံတော်ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့သည်။
(၅၃)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကို 'ကျန်းမာသောဘ၀ ပိုင်ဆိုင်ဖို့ ကျန်းမာရေး ပြဿနာများ ဖော်ထုတ် ဖြေရှင်းကြပါစို့' Moving Forward to a Healthy Lifestyle and Addressing Health Risk Behaviors” ” ဟူသော ဆောင်ပုဒ်နှင့် (၅၃)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံဆောင်ပုဒ် (Congress Theme) က "ကျန်းမာသောဘ၀ ပိုင်ဆိုင်ဖို့ ကျန်းမာရေး ပြဿနာများ စဉ်ဆက်မပြတ် ဖော်ထုတ်ဖြေ ရှင်းကြပါစို့ - Moving forward to a Healthy lifestyle and Addressing health Risk Behaviors” ဟူ၍ဖြစ်ပြီး အဆိုပါ ညီလာခံကြီးတွင် ညီလာခံသို့ပေးပို့လာသည့် သုတေသန စာတမ်းများကို တင်သွင်းဖတ်ကြားနိုင်ဖို့ စာတမ်းကြီးကြပ်ရေး ဆပ်ကော်မတီမှ အခြေခံသုတေသန စာတမ်း၊ အသုံးချ သုတေသနစာတမ်း၊ လူမှုရေးနှင့် ကျန်းမာရေးစနစ် သုတေသန စာတမ်းဟူ၍ စနစ်တကျ အမျိုးအစား ခွဲခြားသတ်မှတ် စိစစ်ရွေးချယ်ဆောင်ရွက် ထားကြောင်းသိရသည်။ ယင်းအပြင် သုတေသနစာတမ်း ၅၄ စောင်နှင့် ပိုစတာ ၄၃ စောင်ကို ဖတ်ကြားပြသဖို့ စီစဉ်ဆောင်ရွက်ထားပြီး ညီလာခံသို့ တင်သွင်းလာသည့် စာတမ်းနှင့် ပိုစတာများထဲမှ အကောင်းဆုံး စာတမ်းနှင့် ပိုစတာများကို ဆုရွေးချယ်ရေး ဆပ်ကော်မတီက စိစစ်အမှတ်ပေးရွေးချယ်ပြီးဆုများ ထိုက်ထိုက်တန်တန် ပေးအပ်ချီး မြှင့်ဂုဏ်ပြုမည့် အစီအစဉ်ပါဝင်ကြောင်း သိရသည်။ နဒီ