ထိုင်းနိုင်ငံတွင် မြန်မာလုပ်သား ၄၀၀ အထက်ရှိသည့် စက်ရုံ၊ အလုပ်ရုံများသို့ Mobile Team ဖြင့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးမည် 

ရန်ကုန်၊ ဒီဇင်ဘာ ၁၁
    ထိုင်းနိုင်ငံစက်ရုံ၊ အလုပ်ရုံများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရမည့်သူ အရေအတွက် ၄၀၀ နှင့်အထက်ရှိပါက လုပ်ငန်းမရပ်တန့်စေရေးနှင့် လုပ်သားများနေ့တွက်စရိတ် မဆုံးရှုံးစေရေးအတွက် Mobile Team ဖြင့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။ 
    ထိုင်းနိုင်ငံအစိုးရအဖွဲ့၏ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၄ ရက် ထုတ်ပြန်ချက်အရ နိုင်ငံကူးလက်မှတ်နှင့် CI ကိုင်ဆောင်ထားသော မြန်မာလုပ်သားများအား ထိုင်းနိုင်ငံအတွင်း နှစ်နှစ်သက်တမ်း ရှိသည့် ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့်ပြုမှုကို ပေးအပ်မည်ဖြစ်ရာ နိုင်ငံကူးလက်မှတ်များနှင့် CI စာအုပ်များ သက်တမ်းတိုးရန် လိုအပ်လာကြောင်း သိရသည်။
    နိုင်ငံကူးလက်မှတ်စာအုပ်များအနေဖြင့် နှစ်နှစ်သက်တမ်းတိုးနိုင်ရန်အတွက် ပုံမှန်အားဖြင့် စာအုပ်သက်တမ်း အနည်းဆုံး နှစ်နှစ်၊ ခြောက်လခန့် ကျန်ရှိရန် လိုအပ်ကြောင်းသံရုံးမှ အသိပေးထားသည်။ 
    ထိုင်းနိုင်ငံ၏ သက်ဆိုင်ရာဌာနများအနေဖြင့် စာအုပ်၏ လက်ကျန်သက်တမ်းအတွင်း ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့် (Work Permit / Visa) ကို ခွင့်ပြုဆောင်ရွက်ပေးမည်ဆိုပါလျှင် စာအုပ်သက်တမ်း ကုန်ချိန်ရောက်ရှိပါက မြန်မာသံရုံး (ဘန်ကောက်)နှင့် ကောင်စစ်ဝန်ချုပ်ရုံး (ချင်းမိုင်)တို့တွင် စာအုပ်အသစ်ပြုလုပ်ခြင်း၊ စာအုပ်နှစ်အုပ်မှာ တစ်ဦးတည်းဖြစ်ကြောင်း ထောက်ခံချက် (လိုအပ်လျှင်) ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ပေးမည်ဖြစ်သည်။ 
    ထို့ကြောင့် ထိုင်းနိုင်ငံတွင်းရှိ စက်ရုံ၊ အလုပ်ရုံများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရမည့်သူ အရေအတွက် မြန်မာလုပ်သား ၄၀၀ နှင့်အထက်ရှိပါက လုပ်ငန်းမရပ်တန့်စေရေးနှင့် လုပ်သားများ နေ့တွက်စရိတ်မဆုံးရှုံးစေရေးကို ရည်ရွယ်၍ စက်ရုံ၊ အလုပ်ရုံနှင့် လုပ်ငန်းခွင်သို့ Mobile Team စေလွှတ် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။  လုပ်သားစာရင်းအား သတ်မှတ်ပုံစံဖြည့်စွက်၍ လုပ်ငန်းခွင်၏ HR Manager ထောက်ခံချက်နှင့်အတူ မြန်မာသံရုံး။ ကောင်စစ်ဝန်ချုပ်ရုံးတို့၏ ကောင်စစ်ဌာနသို့ ယခုလ ၉ ရက်မှစတင်၍ လာရောက်တင်ပြရန် အသိ ပေးထားသည်။ 
    CI စာအုပ်များ သက်တမ်းတိုးရေး လုပ်ငန်းစဉ်အား ဆက်လက်အသိပေးသွားမည်ဖြစ်ပြီး 'စက်ရုံ၊ အလုပ်ရုံနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ရှိသော မြန်မာလုပ်သားများအနေဖြင့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရေးကိစ္စအား HR Manager များထံသို့ ဆက်လက်အသိပေးကြရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။ ထူးမြတ်

Total Views ~ 119

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43067

© 2022 - 2025 News. All Rights Reserved.