နယ်စပ်ဒေသများတွင် ဖြစ်ပေါ်နေသည့်ကိစ္စရပ်များအား အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရေး နိုင်ငံတော်အဆင့်သို့ အလေးထားတင်ပြကြရန် နိုင်ငံတော်ဝန်ကြီးချုပ်မှာကြား

ရန်ကုန်၊ အောက်တိုဘာ ၂၃
    နယ်စပ်ဒေသများတွင် ဖြစ်ပေါ်နေသည့်ကိစ္စရပ်များအား အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်အဆင့်သို့ အလေးထားတင်ပြကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာကြားခဲ့သည်။
    နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥကဥဋ္ဌရုံး အစည်းအဝေးခန်းမတွင် အောက်တိုဘာ ၂၁ ရက်က  ပြုလုပ်ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၇/၂၀၂၄)တွင် နိုင်ငံတော်ဝန်ကြီးချုပ်က အထက်ပါအတိုင်း မှာကြားခဲ့ခြင်းဖြစ်သည်။
     ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် မိမိတို့ထမ်းဆောင်ရသည့် ကဏ္ဍအလိုက်နှင့်  ဒေသ၏အကျိုးကို အကောင်အထည်ဖော် ဆောင်ရွက်နေကြခြင်းဖြစ်၍ နိုင်ငံတော်အဆင့်မှ သိသင့်သိထိုက်သည်များကို တင်ပြဆောင်ရွက်သွားရန်လိုကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့သည်။
    ထိုသို့ဆောင်ရွက်မှသာလျှင် နိုင်ငံတော်အဆင့်မှ လမ်းညွှန်မှာကြားရန်လိုအပ်သည်များ၊ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်သည်များကို လုပ်ဆောင်ပေးနိုင်မည်ဖြစ်ပြီး အထူးသဖြင့် နယ်စပ်ဒေသများတွင် ဖြစ်ပေါ်နေသည့်ကိစ္စရပ်များနှင့် ပတ်သက်ပါက အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင် ရွက်သွားရန် လိုအပ်သည့်အတွက် အလေးထား တင်ပြဆောင်ရွက်သွားရန် နိုင်ငံတော်ဝန်ကြီးချုပ်က မှာကြားခဲ့သည်။
    ထို့အပြင် ပြည်ထောင်စုအဆင့် ရုံးဌာနများနှင့် လုပ်ငန်းတာဝန်များ ဆက်သွယ်ဆောင်ရွက်ရာတွင်လည်း အခက်အခဲများ ဖြစ်ပေါ်ပါက တင်ပြဆောင်ရွက်သွားရန် လိုအပ်သကဲ့သို့ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ရာတွင်လည်း ရိုးရိုးသားသားဖြင့် မှန်မှန်ကန်ကန်ဖြစ်အောင် ဆောင်ရွက်သွားရန်၊ မိမိတို့ လုပ်ဆောင်ချက်များအားလုံးကို မှတ်ကျောက်တင်ခံနိုင်အောင် ဆောင်ရွက်သွားရန် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာကြားခဲ့သည်။
    အစည်းအဝေးသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဒုတိယဥကဥဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ချင်းပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြကြောင်း သိရသည်။ နဒီ

Total Views ~ 123

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43067

© 2022 - 2025 News. All Rights Reserved.