ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ပန်းပွဲတော်ကို ဇန်နဝါရီ ၁၉ ရက်အထိ တိုးမြှင့်ဖွင့်လှစ်

နေပြည်တော်၊ ဇန်နဝါရီ ၁၅
    မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် (၁၇)ကြိမ်မြောက် ပန်းပွဲတော် Floral Fantasia 2024 ) ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်တွင် စတင်ဖွင့်လှစ်ပေးခဲ့ပြီး ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များ အေးချမ်းပျော်ရွှင်စွာ လာရောက် အပန်းဖြေသူများဖြင့် နေ့စဉ်စည် ကားလျက်ရှိသည်။
    ထိုကဲ့သို့ ပန်းပွဲတော်နှင့် ပြင်ဦးလွင်မြို့၏ အေးချမ်းသာယာလှပမှုကို လာရောက်ခံစားကြသည့် ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များ အထူးစည်ကားလျက်ရှိသဖြင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၉ ရက်အထိ တစ်ပတ် တိုးမြှင့်ဖွင့်လှစ်ထားကြောင်း သိရှိရသည်။
    ပြင်ဦးလွင်သည် မြန်မာနိုင်ငံ၏ ခရီးသွားလည်ပတ်စရာများတွင် အထင်ကရ ဒေသတစ်ခုဖြစ်ပြီး အေးမြသန့်ရှင်းလတ်ဆတ်သည့် ရာသီဥတုနှင့် စိမ်းလန်းစိုပြည်သည့် ရေမြေတောတောင် သဘာ၀များ၊ ဒေသထွက် အစားအသောက်များ၊ ဒေသခံများ၏ ဖော်ရွေပျူငှာမှုတို့နှင့်အတူ ပန်းပေါင်းစုံတို့ သည်လည်း ဖူးပွင့်ဝေဆာမှုတို့ဖြင့် ကောင်းသတင်း ဝေဆာသည့် မြို့တစ်မြို့ဖြစ်သည်။ ထို့အပြင် ဆောင်းရာသီ၏ အထင်ကရ ပန်းတစ်မျိုးဖြစ်သည့် တစ်နှစ်လျှင် တစ်ကြိမ်သာပွင့်သည့် ချယ်ရီပန်းများသည်လည်း တစ်မြို့လုံး ဝေဆာအောင် ဖူးပွင့်လေ့ရှိကြသဖြင့်လည်း ချယ်ရီမြို့တော်အဖြစ် လူသိများသည်။ ချယ်ရီပန်းများသည် နှစ်စဉ် ဒီဇင်ဘာ၊ ဇန်နဝါရီလများမှစတင်၍ ဖူးပွင့်လျက်ရှိကြပြီး ဖေဖော်ဝါရီ၊ မတ်လအထိ အပင်ပေါ်တွင် အပွင့်များ ဝေဆာစွာ တင်ကျန်လေ့ရှိကြပြီး ယခုနှစ်တွင် ပြင်ဦးလွင်မြို့၌ ချယ်ရီပန်းများ အပွင့်ပွင့်ချိန် နောက်ကျသည်ဟုလည်း ဒေသခံများထံမှ သိရှိရသည်။ ယခုနှစ် ပန်းပွဲတော်ကာလအတွင်း အမျိုးသားကန်တော်ကြီးဥယျာဉ်အပါအဝင် ပြင်ဦးလွင်မြို့အတွင်း အပန်းဖြေနေရာများ၌ ပြည်တွင်း ပြည်ပမှ လာရောက်လည်ပတ် အပန်းဖြေ အနားယူသူများ၊ ပြင်ဦးလွင်မြို့ရှိ တန်ခိုးကြီးဘုရားများသို့ လာရောက်ဖူးမြော် ကြည်ညိုသူများဖြင့် အထူးစည်ကားများပြား လျက်ရှိကြောင်းကိုလည်း သိရှိရသည်။
    အမျိုးသားကန်တော်ကြီးဥယျာဉ် အထိမ်းအမှတ် နှစ်(၁၀၀) ပြည့် (၁၇) ကြိမ်မြောက် ပန်းပွဲတော်ကို ဆန်းသစ်သည့် မြေယာရှုခင်းပုံစံများ၊ ပြည်တွင်းပြည်ပ ပန်းမျိုးစိတ်မျိုးစုံ၊ ဒေသပန်းမျိုးများ ပြသသည့် ဇုန်တစ်ဇုန်အပါအဝင် ဇုန်ရှစ်ဇုန်ပါဝင်၍ ရာသီပန်းမျိုးစိတ် ၂၀ မှ ၂၅ မျိုး၊ ဒေသပန်းမျိုး စိတ် ၁၅ မျိုးမှ ၂၀ စုစုပေါင်းပန်းအရေအတွက် နှစ်သိန်းကျော် စိုက်ပျိုးပြသထားကြောင်း၊ ဖျော်ဖြေရေး အစီအစဉ်များ၊ ဈေး ရောင်းပွဲတော်၊ ဒေသထွက်ကုန်ပြခန်းများနှင့် ဆိုင်ခန်းများဖြင့် ရောင်းချပေးသည့် အစီအစဉ်များလည်း ပါရှိကြောင်း၊ အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် (၁၇) ကြိမ်မြောက် ပန်းပွဲတော်၊ ပွဲကောက်ရေတံခွန် အပန်းဖြေစခန်းနှင့် အထင်ကရနေရာတို့သို့ အနယ်နယ် အရပ်ရပ်မှ လာရောက်လည်ပတ် အပန်းဖြေအနားယူ သူများဖြင့် စည်ကားလျက်ရှိသည်။ ကွန်းဈာန်

Total Views ~ 124

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43067

© 2022 - 2025 News. All Rights Reserved.