ရန်ကုန်၊ ဇန်နဝါရီ ၂
၂၀၂၄ ခုနှစ် ဒီဇင်ဘာ နောက်ဆုံး ပတ်မှစတင်၍ MFF Vita Max Futsal League (1) နှင့် League (2) 2024-25 ပြိုင်ပွဲကို ရန်ကုန်မြို့သုဝဏ္ဏကွင်းအတွင်းရှိ MFF Futsal Stadium တွင် စတင်ကျင်းပခဲ့ပြီး ယခုနှစ် ဖူဆယ်လိဂ်ပြိုင်ပွဲများကို ပရိသတ်စိတ်ဝင်စားမှုများပြားလာခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များကလည်း ယခင်နှစ်များထက် ပိုမိုပံ့ပိုးမှုများရှိလာကြောင်း လိဂ်ပြိုင်ပွဲဝင်အသင်းများထံမှ သိရသည်။
MFF Vita Max Futsal League (2) 2024-25 ပြိုင်ပွဲကို ဒီဇင်ဘာလ ၂၈ ရက် တွင် စတင်ခဲ့ပြီး အသင်းပေါင်း ၁၂ သင်းပါ ဝင်ယှဉ်ပြိုင်လျက်ရှိသည်။ ထို့အပြင် MFF Vita Max Futsal League (1) ပြိုင်ပွဲကို ဒီဇင် ဘာ ၂၉ ရက်တွင် စတင်ကျင်းပခဲ့ပြီး စုစုပေါင်းအသင်း ၁၀ သင်း ပါဝင်ယှဉ်ပြိုင်လျက် ရှိကြောင်း သိရသည်။
"ဖူဆယ်ကစားနည်းနဲ့ ပတ်သက်ပြီး ပရိသတ်က အထူးစိတ်ဝင်စားလာကြတယ်။ စိတ်ဝင်စားတဲ့ အကြောင်းအရင်းကတော့ အရင်ကဆိုရင် သွားမကြည့်နဲ့ နောက်ဆုံး ဗိုလ်လုပွဲမှာ ရန်ကုန်ထိပ်သီး အသင်းတွေဖြစ်တဲ့ MIUနဲ့ VUC ပဲပြိုင်ရတာလေ။ ဒီနှစ်မှာတော့ ကစားသမားအပြောင်းအရွှေ့ရာသီမှာ အသင်းတော်တော်များများက ဖူဆယ်ကစားသမားကောင်းတွေ အလုအယက်ဝယ်ကြတယ်။ နောက်ပြီး အသင်းငါးသင်းလောက်က ပြည်ပကစားသမားတွေခေါ်မယ်ဆိုတော့ အရင်လို ခန့်မှန်းလို့မရတော့ဘူး။ ချန်ပီယံဖြစ်ရေးက အသင်းအားလုံး အခွင့်အရေးရှိနေတော့ အသင်းလိုက် ပရိသတ်တွေ ပိုများလာတာပေါ့။ ခုတန်းတက် အသင်းတွေကလည်း ပြည်ပကစားသမားနဲ့ လက်ရွေးစင်တွေ ဖြည့်တင်းပြီး ချန်ပီယံပစ်မှတ်ထားလာတာကြောင့် စိတ်ဝင်စားလာတာဖြစ်တယ်"ဟု မြန်မာဖူဆယ်လိဂ်ပရိသတ် တစ်ဦးဖြစ်သူ ကိုအောင်လွင်က ပြောသည်။
ယခုနှစ် ပြည်တွင်းဖူဆယ်လိဂ် ပြိုင်ပွဲများနှင့် သက်ဆိုင်ရာအသင်းလိုက် ပြည်တွင်း စီးပွားရေးလုပ်ငန်းများက ပိုမိုထောက်ပံ့လာကြောင်း သိရသည်။ "ဒီနှစ်ကတော့ ထူးခြားတယ်ဆိုတာထက် တိုးတက်လာတယ်လို့ပဲမြင်တယ်။ ပြိုင်ပွဲကျင်းပရေးအတွက် ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေက ပိုမို ထောက်ပံ့လာတာ တွေ့ရတယ်။ နောက်တစ်ချက်က အရင်ကဆိုရင် ပြိုင်ပွဲဝင်အသင်းတွေက ပြိုင်ပွဲတစ်ပွဲဝင်ရောက်ဖို့အတွက် ဝတ်စုံကအစ ကိုယ့်အစီအစဉ်နဲ့ လုပ်ရတာလေ။ ဒီနှစ်တော့ အားကစားဝတ်စုံထုတ်တဲ့ လုပ်ငန်းရှင်တွေက ထောက်ပံ့ကြသလို ပရိသတ်တွေအတွက်လည်း ထုတ်ရောင်းပေးကြတယ်။ တဖြည်းဖြည်း တိုးတက်လာတာပေါ့။ ဒါတွေက ကျေနပ်စရာကောင်းပါတယ်"ဟု ဖူဆယ်အသင်းပိုင်ရှင်တစ်ဦးက ပြောသည်။
MFF Vita Max Futsal League (1) ပြိုင်ပွဲစတင် ကျင်းပသည့်နေ့တွင် အဖွင့်ပွဲစဉ်အဖြစ် MIU အသင်းနှင့် YRG အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ MIU အသင်းက နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သလို လူငယ်ကစားသမားများနှင့် ပွဲထွက်လာသော VUC အသင်းကလည်း တန်းတက် SGF FC ကို လေးဂိုးတစ်ဂိုး ရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။ MFF Vita Max Futsal League (I) 2024-25 ပြိုင်ပွဲတွင် အသင်းပေါင်း ၁၀ သင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး ချန်ပီယံရရှိသောအသင်းသည် AFC Futsal Club Championship ပြိုင်ပွဲကို ဝင်ရောက်ခွင့် ရရှိမည်ဖြစ်သည်။အာရှဘောလုံးအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ်အတွက် မြန်မာဖူဆယ်အသင်း၏ ရပ်တည်မှုမှာ အာရှအဆင့် ၁၁ တွင် ရပ်တည်လျက်ရှိသည်။ ထူးမြတ်