ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးကို အကြောင်းပြ ငွေကြေးများ တောင်းခံခဲ့ကြသည့် ဝန်ထမ်းများအား အရေးယူ

ရန်ကုန်၊ ဇန်နဝါရီ ၂၉
    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ပြည်သူ့စစ်မှုထမ်းဥပဒေအရ အကျုံးဝင်သော နိုင်ငံသားများ စစ်မှုထမ်းဆင့်ခေါ် ဆောင်ရွက်လျက်ရှိရာ ယင်းပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးကို အကြောင်းပြကာ ငွေကြေးတောင်းခံခဲ့ကြသည့် ဝန်ထမ်းမျာကို ဥပဒေအရ အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
    သတင်းထုတ်ပြန်ချက်အရ ဇန်နဝါရီ ၂၆ ရက်၌ တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့မှုအရ ရွှေဘိုမြို့နယ်အတွင်း ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်မှုနှင့်ပတ်သက်၍ ငွေကြေးအလွဲသုံးစားမှု ဆောင်ရွက်လျက်ရှိကြောင်း သတင်းအရ ဖြစ်စဉ်အား မြေပြင်သတင်း စိစစ်ဖော်ထုတ်ခဲ့ရာ ဇန်နဝါရီ ၂၄ ရက် ည ၇ နာရီခန့်တွင် ရွှေဘိုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်၊ မြို့နယ်ရဲမှူး သန်းဇော်တို့ ဦးဆောင်သည့် ဧည့်စာရင်း စစ်ဆေးရေးအဖွဲ့သည် ရွှေဘိုမြို့ အမှတ် (၄) ရပ်ကွက်အတွင်း ဧည့်စာရင်း လိုက်လံစစ်ဆေးခဲ့ကြောင်း၊ စစ်ဆေးစဉ် မောင်ကျော်မင်းခန့် အသက်(၂၄) နှစ် (အဘ) ဦးကိုကိုလေး ကျောက်မြစ် ကျေးရွာနေထိုင်သူသည် ဧည့်စာရင်းတိုင် ကြားထားခြင်းမရှိဘဲ ရောက်ရှိနေထိုင်လျက်ရှိသဖြင့် ပြည်သူ့ စစ်မှုထမ်းစာရင်းသွင်းမည်ဟုဆိုကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
     ယင်းနောက် မောင်ကျော်မင်းခန့်၏ မိဘများထံသို့ ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ အငယ်တန်းစာရေး သူရိန်ညွန့်က ငွေကျပ်သိန်း ၁၃၀ ပေးပါက မောင်ကျော်မင်းခန့်အစား အခြားသူ တစ်ဦးအား လူစားလဲလှယ်ပေးမည်ဟု ဆက်သွယ်ပြောဆိုလာခဲ့သဖြင့် ဇန်နဝါရီ ၂၅ ရက် မွန်းလွဲ ၃ နာရီခန့် တွင် မောင်ကျော်မင်းခန့်၏ ဖခင်ဖြစ်သူ ဦးကိုကိုလေးက သွားရောက် ပေးဆောင်ခဲ့ရကြောင်း သိရသည်။ ဆက်လက် စိစစ်ဖော်ထုတ်ချက်များအရ အဆိုပါ ငွေကျပ်သိန်း ၁၃၀ အား ရွှေဘိုမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး သန်းဇော်က ၂၅ သိန်း၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ အကြီးတန်းစာရေး ကျော်ခိုင်လတ်က ၂၅ သိန်း၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ အငယ်တန်းစာရေး သူရိန်ညွန့်က သိန်း ၃၀၊ မောင်ကျော်မင်းခန့်အစား လူစားထိုးလဲလှယ်မည့် ရွှေဘိုမြို့ အမှတ် (၁၀)ရပ်ကွက်တွင် နေထိုင်သူ သန်းစိုးထိုက်က သိန်း ၅၀ စသည်ဖြင့် အသီးသီးခွဲယူခဲ့ကြကြောင်း သိရသည်။
    အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို အလွဲသုံးစားပြုလုပ်၍ ငွေကြေးရယူ ဆောင်ရွက်ခဲ့ကြသူများအား တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ၎င်းတို့ ရယူခဲ့ကြသည့် ငွေကျပ်သိန်း ၁၃၀ ကိုလည်း မောင်ကျော်မင်းခန့်၏ မိသားစုများ ထံသို့ သက်ဆိုင်ရာ တာဝန်ရှိသူများက ဇန်နဝါရီ ၂၆ ရက် ည ၉ နာရီခွဲတွင် ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းထုတ် ပြန်ထားသည်။
    ပြည်သူ့စစ်မှုထမ်းဥပဒေအရ အကျုံးဝင်သည့် အသက်(၁၈)နှစ်မှ (၃၅) နှစ် အထိ အမျိုးသားများကိုသာ ဥပဒေလုပ်ထုံး လုပ်နည်းနှင့်အညီ ဆင့်ခေါ်ဆောင်ရွက်လျက်ရှိပြီး ပြည်သူများအနေဖြင့်လည်း ပြည် သူ့စစ်မှုထမ်း ဆင့်ခေါ်မှုနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ ဆင့်ခေါ်မှုမရှိပါက သက်ဆိုင်ရာ တာဝန်ရှိ သူများထံသို့ ဆက်သွယ်သတင်း ပေးပို့ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပေးနိုင်ပါရန် အသိပေး သတင်း ထုတ်ပြန်ထားသည်။ နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် ဥပဒေအမှတ် (၂၇/၂၀၁၀)ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်အာဏာသက်ဝင်စေခဲ့ကာ ပြည်သူ့စစ် မှုထမ်းသင်တန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌  ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ ထူးမြတ်

Total Views ~ 123

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43067

© 2022 - 2025 News. All Rights Reserved.