ပြည်သူ့ပါတီက ကိုကိုးကျွန်းမှလွဲ၍ ရန်ကုန်တိုင်းအတွင်းရှိ ၄၄ မြို့နယ်လုံးတွင် ပါတီရုံးခန်းများ ဖွင့်လှစ်သွားမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၅
    ပြည်သူ့ပါတီသည် ကိုကိုးကျွန်းမှလွဲ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်ပါတီရုံးပေါင်း ၁၃ ခု ဖွင့်လှစ်ထားပြီး ပါတီရုံးပေါင်း ၃၀ အထိ ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း ယင်းပါတီမှသိရသည်။
    "ပါတီအနေနဲ့က ရုံးဖွင့်တာက ရန်ကုန်တိုင်းမှာ အများဆုံးဖွင့်မယ်။ ရန်ကုန်တိုင်းကတော့ ဆက်တိုက်တောက်လျှောက် ဖွင့်တယ်၊ ရှေ့မှာလည်းဖွင့်ဖို့အတွက် အဆင်သင့်ဖြစ်တဲ့ အခါကျတော့ ရန်ကုန်တိုင်းကတော့ အများဆုံးပေါ့။ မှန်းထားတာကဝောာ့ ရန်ကုန်တိုင်း ၄၅ မြို့နယ်မှာ ကိုကိုးကျွန်းကတော့ ရုံးဖွင့်ဖို့ မလွယ်ဘူး။ သွာရေးလာရေး ခက်တော့ ၄၄ မြို့နယ်လုံး အပြည့်ဖွင့်ဖို့ ဆက်ပြီးကြိုးစားနေတယ်။ ကိုကိုးကျွန်းကလွဲရင် ၄၄ မြို့နယ်လုံး ဖွင့်သွားမှာပါ"ဟု ပြည်သူ့ပါတီ ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးလှဌေးက ပြောသည်။
    ရန်ကုန်တိုင်းအတွင်းရှိ ၄၄ မြို့နယ်တွင် ပါတီရုံးခန်းများဖွင့်လှစ်မှုကို မေလကုန်တွင်အပြီး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ လက်ရှိအချိန်တွင် တိုက်ကြီး၊ မင်္ဂလာဒုံ၊ လှည်းကူး၊ လှိုင်သာယာ (အရှေ့)၊ လှိုင်သာယာ(အနောက်)၊ လှိုင်၊ ရွှေပြည်သာ၊ သန်လျင်၊ ကျောက်တန်း၊ မင်္ဂလာ တောင်ညွန့်၊ ဗဟန်း၊ မှော်ဘီ၊ ရန်ကင်း၊ ဆိပ်ကြီးခနောင်တို စသည့်မြို့နယ်များတွင် ပါတီရုံးခန်း များဖွင့်လှစ်ထားပြီး မတ်လအကုန်တွင် ပါတီရုံးပေါင်း ၃၀ အထိ ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း ယင်း ပါတီမှ သိရသည်။
    "အခုကတော့ ထက်ဝက်ကျော် နေပြီပေါ့။ ဆက်ပြီးတော့ ဆက်တိုက်ဖွင့်မယ်။ ဖေဖော်ဝါရီ၊ မတ်လမှာတော့ ပါတီရုံး ပေါင်း ၃၀ ပြည့်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ဖွင့်ဖို့အတွက်ကတော့ အဆင်သင့်ဖြစ်နေပြီ။ သို့သော်လည်း ဥက္ကဋ္ဌအားမယ့်ရက်နဲ့ ဒီဘက်က အဆင့်ဆင့်သွားမယ့် ရက်တွေနဲ့ ချိန်ပြီးတော့ ပြင်ဆင်တဲ့အခါကျတော့ ဆက်တိုက်ဖွင့်သွားမှာပါ။ ကျွန်တော်တို့ Target ကတော့ မတ်လအကုန် ရုံးပေါင်း ၃၀ ပြည့် သွားမယ်"ဟု ဦးလှဌေးက ပြောသည်။
    ပြည်သူ့ပါတီသည် ပုဇွန်တောင် မြို့နယ်တွင် ပြည်သူ့ပါတီ ဗဟိုဌာနချုပ်ဖွင့်လှစ်ပြီး မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ယင်းပါတီ၏ ရန်ကုန်တိုင်းဒေသကြီး ရုံးခန်းလှစ်ထားသည်။ ထို့အပြင် ဖေဖော်ဝါရီ ၉ ရက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဖေဖော်ဝါရီ ၁၅ ရက်တွင် ထန်းတပင်မြို့ နယ်ရုံးများ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဖေဖော်ဝါရီအတွင်း တွံတေး၊ မြောက်ဥက္ကလာပ၊ သန်လျင်၊ ပန်းဘဲတန်း၊ သုံးခွ စသည့်မြို့နယ် များတွင်လည်း ပါတီရုံးများ ဆက်တိုက်ဖွင့် လှစ်ရန် ပြင်ဆင်ထားသည်။ (ညီသစ်)

Total Views ~ 157

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43065

© 2022 - 2025 News. All Rights Reserved.