နေပြည်တော်၊ ဒီဇင်ဘာ ၁၁
မငြိမ်းချမ်းသည့် နယ်မြေဒေသမှလွဲ၍ အခြား အဖြူရောင်နယ်မြေများတွင် နိုင်ငံရေးပါတီများအနေဖြင့် စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ကြရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက တိုက်တွန်းပြောကြားလိုက်သည်။
"ပါတီတွေအနေနဲ့ အဓိကအရေးကြီးဆုံးက စည်းရုံးရေးပါ။ စည်းရုံးရေးကောင်းရင် ကောင်းသလို ပါတီဝင်အင်အား တိုးတက်လာမယ်။ မိမိပါတီကို ထောက်ခံတဲ့ ပါတီတွေလည်း တိုးတက်လာမယ်။ စည်းရုံးရေးလုပ်ငန်းက ပါတီတွေရဲ့ အသက်သွေးကြောပါပဲ။ ရွေးကောက်ပွဲ မလုပ်သေးတဲ့ ကာလ တစ်လျှောက်လုံးမှာ စည်းရုံးလို့ ရပါတယ်။ ရွေးကောက်ပွဲကာလမှာပဲ ရွေးကောက်ပွဲအတွက် လှုပ်ရှားကြရမှာ။ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲပြီးတဲ့နောက် နစကအစိုးရလက်ထက်မှာ ရွေးကောက်ပွဲလုပ်ဖို့ စိုင်းပြင်းနေကြချိန်မှာ ပါတီစည်းရုံးရေးလုပ်ငန်းတွေ လုပ်ဆောင်ကြဖို့။ မငြိမ်းချမ်းတဲ့ဒေသတွေ၊ အညိုရောင်နယ်မြေတွေမှာထားတော့ အဖြူရောင်နယ်မြေတွေမှာ စည်းရုံးရေးလုပ်ငန်းတွေ လုပ်ကြပါ။ ရှမ်းမြောက်တို့၊ ရခိုင်တို့၊ စစ်ကိုင်းတို့ အခုအချိန်မှာ သိပ်ပြီးတော့ လုံခြုံရေး အခြေအနေမကောင်းတဲ့ နေရာတွေ ရှိပါတယ်။ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ အဲဒီနေရာတွေမှာ အလုပ်မလုပ်နိုင်ပါဘူး။ နိုင်ငံရေးပါတီတွေအနေနဲ့ အဲဒီနေရာတွေမှာလည်း ဘာမှလှုပ်ရှားနိုင်မှာ မဟုတ်ပါဘူး။ အဲဒီလို နေရာမျိုးတွေကတော့ ခြွင်းချက်ပေါ့။ ကျန်တဲ့နေရာဒေသတွေမှာရှိတဲ့ ပါတီတွေအနေနဲ့တော့ ပါတီလှုပ်ရှားမှုလေးတွေ လုပ်ကြပါလို့ ပြောချင်ပါတယ်။ UEC ထံ သတင်းပို့ကြပါ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကမေးလို့ရှိရင် အဖြေရှိချင်ပါတယ်။ ပါတီတွေက ဘယ်လောက်အထိ အင်တိုက်အားတိုက် တက်တက်ကြွကြွ စည်းရုံးလှုပ်ရှားနေ တယ်ဆိုတာ ပြောပြချင်ပါတယ်"ဟု ၎င်းက ပြောသည်။
ဒီဇင်ဘာ ၇ ရက်က နေပြည်တော်၌ နိုင်ငံရေးပါတီများနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တို့ တွေ့ဆုံဆွေးနွေးရာတွင် တိုက်တွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ မှတ်ပုံတင်ခွင့်ပြုပြီးသော တည်ဆဲနိုင်ငံရေးပါတီ ပေါင်း ၅၃ ပါတီရှိသည့်အနက် ပါတီဝင်အင်အားပြည့်မီသည့်ပါတီ ၃၅ ပါတီ၊ အင်အားတင်ပြသော်လည်း မပြည့်မီ သေးသည့်ပါတီ သုံးပါတီ၊ အင်အားစိစစ်ဆဲ ပါတီ နှစ်ပါတီ၊ မှတ်ပုံတင်ခွင့်ပြုသည့်နေ့မှ စ၍ လုံး၀ ပါတီအင်အား မတင်ပြသေးသည့် ပါတီပေါင်း ၁၃ ပါတီရှိကြောင်းသိရသည်။
ပါတီဝင် အင်အားနှင့် ပါတီရုံးခန်း အခြေပြစာရင်းအရ သတ်မှတ်ပါတီဝင် အင်အားမပြည့်မီသော ပါတီနှင့် မတင်ပြသည့်ပါတီ စုစုပေါင်း ၁၈ ပါတီရှိပြီး သတ်မှတ်ရုံးခန်း မပြည့်မီသော၊ မဖွင့် လှစ်နိုင်သော ပါတီပေါင်း ၃၂ ပါတီရှိကြောင်း သိရသည်။ အဆိုပါ ပါတီများကို သတ်မှတ်ကာလအတွင်း ပြည့်မီအောင် ဆောင်ရွက်ကြရန် UEC မှ တိုက်တွန်းထားသည်။ ကွန်းဈာန်