ရန်ကုန်၊ ဖေဖော်ဝါရီ ၅
မြန်မာဖူဆယ်လောကတွင် မျိုးဆက်သစ်လူငယ် ဖူဆယ်ကစားသမားပေါ် ထွက်လာစေရန် ယခုနှစ် နွေရာသီတွင် U 16 / U 19 အမျိုးသား ဖူဆယ်ပြိုင်ပွဲများကို လိဂ်ပွဲပုံစံဖြင့် ကျင်းပပေးသွားမည်ဖြစ်ကြောင်း မြန်မာဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီမှ သိရသည်။
လူငယ်မျိုးဆက်သစ်များပေါ် ထွန်းရေးအတွက် ရည်ရွယ်ကာကျင်းပခြင်းဖြစ်ပြီး ၂၀၂၅ ခုနှစ် ကျောင်းပိတ်ရာသီတွင် သုံးလခန့် အချိန်ယူကာ ကျင်းပပေးသွားမည်ဖြစ်ပြီး ဖူဆယ်လိဂ် ၁ နှင့် လိဂ် ၂ တွင် ပါဝင်ယှဉ်ပြိုင်နေသော အသက်မီကစားသမားများကိုလည်း ပါဝင်ယှဉ်ပြိုင်ရန် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ဖူဆယ်နှင့်သဲသောင်ပြင်ကော်မတီ၏ ဒါရိုက်တာဦးရဲဝင်းထွန်းက ပြောသည်။
"ဖူဆယ်နဲ့ သဲသောင်ပြင်ကော်မတီအနေနဲ့က ပုံမှန်လုပ်နေကြလိဂ် ၁၊ လိဂ် ၂ အပြင် လူငယ်လိဂ်အဖြစ် U16 ၊ U19 တွေကိုလည်း လိဂ်ပုံစံနဲ့ ကျင်းပပေးသွားဖို့ ရှိပါတယ်။ လူငယ်ကစားသမားတွေ ပေါ်ထွက်လာဖို့ ရည်ရွယ်ချက်နဲ့ ကျင်းပဖို့ စီစဉ်ထားပါတယ်။ ဒီလိဂ်တွေကို မတ်လကနေစပြီး စက်တင်ဘာလလောက်ထိ ခြောက်လလောက် လိဂ်တစ်ခုကို ၁၂ သင်းလောက်နဲ့ ကျင်းပသွားဖို့ လျာထားပါတယ်။ U16 / U19 မှာ U19 ကိုတော့ အငယ်ဆုံး အသက်(၁၇) နှစ်မှ အကြီးဆုံး(၁၉)နှစ်အထိ ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။ လိဂ် ၁၊ လိဂ်၂ မှာ ကစားဖူးတဲ့ သူတွေလည်း အသက်အရွယ် အပိုင်းအခြားမီရင် ပေးကစားမယ်ပေါ့ဗျာ။ U16 ကိုလည်း အသက်အငယ်ဆုံး (၁၄)နှစ်ကနေ (၁၆)နှစ် ထိ အကျုံးဝင်တဲ့သူတွေကို ပါဝင်ကစားခွင့် ပေးသွားမှာပဲ ဖြစ်ပါတယ်"ဟု ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ၏ ဒါရိုက်တာ ဦးရဲဝင်းထွန်းက ပြောသည်။
ယခုအခါ ဖူဆယ်လိဂ် ၁ ပြိုင်ပွဲ နှင့် လိဂ် ၂ ပြိုင်ပွဲများကို ကျင်းပနေပြီး လိဂ် ၁ ပြိုင်ပွဲ ပထမ အကျော့ပွဲစဉ်များပြီးဆုံးသွားပြီး ရာသီဝက်ချန်ပီယံအဖြစ် MIU အသင်းက ရှုံးပွဲမရှိ ရပ်တည်နေကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၂ ရက်က (၂၀၂၄-၂၅) မြန်မာ ဖူဆယ်လိဂ် ၁ ပြိုင်ပွဲ၏ ရာသီဝက် ချန်ပီယံအဖြစ် ရပ်တည်ရေး အရေးပါသော ပွဲစဉ်အဖြစ် MIU အသင်းနှင့် MH Dream Team အသင်းတို့၏ ပွဲစဉ်မှာ MIU အသင်းက သုံး ဂိုး၊ နှစ်ဂိုးရလဒ်ဖြင့် အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယား၏ထိပ်ဆုံးမှာ ရမှတ် ၂၅ မှတ်ဖြင့် ဒုတိယနေရာက MH Dream Team ကို ငါးမှတ်ဖြတ်ထားကာ ရာသီဝက်ချန်ပီယံအဖြစ် ရပ်တည်နိုင်ခဲ့သည်။ လိဂ်-၁ပြိုင်ပွဲ၏ ဒုတိယ အကျော့ပွဲစဉ်များကို ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြန်လည်ကျင်းပသွား မည်ဖြစ်သည်။ (ထူးမြတ်)