မြန်မာနိုင်ငံက တရုတ်နိုင်ငံ၏ ယုံကြည်စိတ်ချရသည့် အိမ်နီးချင်း မိတ်ဆွေကောင်းနိုင်ငံအဖြစ် ဆက်လက်ရပ်တည်မည်ဟု နစကဥက္ကဋ္ဌ ပြောကြား

ရန်ကုန်၊ ဇန်နဝါရီ ၂၉
    မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေသည့် စီမံကိန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်မည့် အခင်းအကျင်းကို ဖော်ဆောင်ပြီး မြန်မာနိုင်ငံက တရုတ်နိုင်ငံ၏ ယုံကြည်စိတ်ချရသည့် အိမ်နီးချင်းမိတ်ဆွေကောင်းနိုင်ငံအဖြစ် ဆက်လက်ရပ်တည်သွားမည်ဖြစ် ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
    ဇန်နဝါရီ ၂၅ ရက်က ကျင်းပသည့် ၂၀၂၅ ခုနှစ် မြွေနှစ် တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနား ကို ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ခဲ့ပြီး နိုင်ငံတော်ဝန်ကြီးချုပ်က နှစ်သစ်ကူးဆုမွန်ကောင်းစကား ပြောကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တရုတ်နှစ်သစ်ကူးပွဲတော် နှစ်သစ်ဆုမွန်ကောင်းစကား ပြောကြားရာတွင် တရုတ်-မြန်မာ နှစ်နိုင်ငံအနေဖြင့် ပထဝီမြေအနေအထားအရ မိုင်ပေါင်း ၁၃၀၀ ကျော် ထိစပ်နေခြင်းကြောင့် လူမျိုးအရ၊ ယဉ်ကျေးမှုအရ များစွာနီးစပ်မှု ရှိကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးကို ကြည့်ပါကလည်း မှတ်တမ်းများအရ ခရစ်နှစ် ၉၀၁ ခုနှစ်က စတင်ခဲ့ခြင်းကြောင့် နှစ်ပေါင်းတစ်ထောင်ကျော် ရှိခဲ့ပြီဖြစ်ကြောင်း၊ ထိုသို့  နှစ်ပေါင်းထောင်ချီခဲ့သည့် ဆက်ဆံရေးနှင့်ရှည်လျားသည့် နယ်နိမိတ်ထိစပ်နေခြင်းကြောင့်လည်း တရုတ်-မြန်မာ နှစ်နိုင်ငံအကြားတွင် ခိုင်မာသည့် ဆက်ဆံရေးများ ထူထောင်နိုင်ခဲ့ပြီး ဆွေမျိုးပေါက် ဖော်ဆက်ဆံရေး၊ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး၊ အေးအတူပူအမျှ အသိုက်အဝန်း ထူထောင်ရေးစသည့် ဆက်ဆံရေးမျိုးကို ထူထောင်နိုင်ခဲ့ကြကြောင်း၊ မိမိအနေဖြင့် ရှေ့ဆက်ပြီးတော့လည်း တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးနှင့် နှစ်နိုင်ငံပြည်သူများအကြား ရင်းနှီးချစ်ကြည်ရေးကို ပိုမိုတိုးတက် ခိုင်မာအောင် အလေးအနက်ထား ဆောင်ရွက်သွားမည်ဟု ပြောကြားသည်။
    ထို့အပြင် တရုတ်နိုင်ငံအနေဖြင့် မိမိနိုင်ငံတစ်ခုတည်း ဖွံ့ဖြိုးတိုးတက်ရေးထက် မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများ၊ အခြားသော ကမ္ဘာ့နိုင်ငံများကိုပါ တစ်ပါတည်း ဖွံ့ဖြိုးတိုးတက်စေရန် BRI စီမံကိန်းများကို အကောင်အထည်ဖော်နေသည်ကို တွေ့ရကြောင်း၊ မြန်မာနိုင်ငံနှင့် ပတ်သက်၍ လည်း မြန်မာ-တရုတ်စီးပွားရေးစင်္ကြံစီမံကိန်းများကို အကောင်အထည် ဖော်လျက်ရှိခြင်းကြောင့် တရုတ်နိုင်ငံ၏ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုများကို မြန်မာနိုင်ငံအနေဖြင့် အလေးထားလျက်ရှိသည်ကို ပြောကြားလိုကြောင်း ပြောကြားခဲ့သည်။
    ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်ကို စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည်လျှောက်လှမ်းနိုင်ရန်အတွက် ချမှတ်ထားသည့် ရှေ့လုပ်ငန်း စဉ်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် အောင်မြင်သည့် အရွေ့များ ဖြစ်ပေါ်လာမှုသည် မိမိတို့၏ ခိုင်မာသည့် အိမ်နီးချင်းနိုင်ငံဖြစ်သော တရုတ်နိုင်ငံ၏ အားပေးကူညီမှုများကြောင့်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး အပေါ် အခိုင်အမာထောက်ခံပြီး တည်ငြိမ်အေးချမ်းရေးကို အလေးထား ကူညီဆောင်ရွက်ပေးနေမှုများအတွက်လည်း တရုတ်နိုင်ငံအစိုးရနှင့် တရုတ်နိုင်ငံသူ၊ နိုင်ငံသားများအားလုံးကို ကျေးဇူးတင်ရှိကြောင်း ထပ်လောင်းပြောကြားလိုကြောင်း၊ ဆက်လက်ပြီးတော့လည်း မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးရန် ထည့်သွင်းပြောကြားခဲ့သည်။ ထူးမြတ်

Total Views ~ 139

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43101

© 2022 - 2025 News. All Rights Reserved.