နေပြည်တော်၊ ဒီဇင်ဘာ ၁၁
ရွေးကောက်ပွဲနှင့် ဆက်စပ်နေသူ အားလုံးကို အဖျက်သမားအင်အားစုများက အန္တရာယ်ပေးနိုင်ခြင်းကြောင့် လုံခြုံရေးကိစ္စ ဆောင်ရွက်ပေးနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှတစ်ဆင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ တင်ပြလိုက်သည်။
ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများ၊ မဲပေးမည့် မဲဆန္ဒရှင်များ၊ ရွေးကောက်ပွဲနှင့်ဆက်စပ်၍ တာဝန်ယူရမည့် အဖွဲ့အစည်းအသီးသီးကို နှောင့်ယှက်အန္တရာယ်ပေးလာနိုင်ကြောင်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းရီက ပြောသည်။
"တိုင်းပြည်ရဲ့ ပကတိအခြေအနေ လုံခြုံရေး အနေအထားတွေအရ ပါတီတွေဟာ သွားလာလှုပ်ရှားရမယ့်နေရာမှာ အကန့်အသတ်တွေ အများကြီးရှိနေတယ်။ အဲဒီတော့ အနီးစပ်ဆုံး ရွေးကောက်ပွဲလုပ်မယ့်ကာလကို အသိပေးနိုင်ရင် အတတ်နိုင်ဆုံး ကြိုတင်အသိပေးဖို့ အချက်တစ်ချက်အနေနဲ့ တင်ပြချင်ပါတယ်။ နောက်တစ်ပိုင်းကတော့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အားလုံးသိကြတဲ့ အတိုင်းပါပဲ။ ရွေးကောက်ပွဲကို မဖြစ်စေချင်တဲ့ အဖျက်သမားအင်အားစုတွေ ရှိနေပါတယ်။ အဲဒီ အဖျက်သမားတွေကလည်း ရရာနည်းလမ်းတွေ လုပ်နေကြမယ်လို့ ယူဆရပါတယ်။ နိုင်ငံတကာမှာ ရွေးကောက်ပွဲကာလမှာ မသမာမှုတွေရှိတဲ့အခါကျတော့ ကျွန်တော်တို့တိုင်းပြည်ရဲ့ လာမယ့်ရွေး ကောက်ပွဲကို မဖြစ်စေချင်တဲ့ အင်အားစုတွေကလည်းပဲ နည်းလမ်းအမျိုးမျိုးနဲ့ အနှောင့်အယှက် ပေးလာနိုင်ပါတယ်။ ရွေးကောက်ပွဲဝင်မယ့်ပါတီတွေကို အန္တရာယ်ပြုဖို့ ကြိုးစားပါလိမ့်မယ်။ ရွေး ကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေ မဝင်ရဲအောင် လုပ်ကိုင်ဆောင်ရွက်လာနိုင်ပါတယ်။ မဲဆန္ဒရှင်တွေ မဲရုံကို မသွားရဲမလာရဲအောင် လုပ်လာနိုင်ပါတယ်။ ရွေးကောက်ပွဲနဲ့ ဆက်စပ်ပြီး တာဝန်ယူရမယ့် အဖွဲ့အစည်းအသီးသီးကိုလည်း အမျိုးမျိုးနှောင့်ယှက် အန္တရာယ်ပေးလာနိုင်တာ ဖြစ်တဲ့အတွက် လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့အတွက် ရွေးကောက်ပွဲနဲ့ ဆက်နွှယ်တဲ့ အင် အားစုအားလုံးကို သက်ဆိုင်ရာ တာဝန်ရှိတဲ့ နိုင်ငံတော်အဖွဲ့အစည်းတွေအနေနဲ့ ကော်မရှင်ကနေ လိုအပ်သလို ဆောင်ရွက်ပေးဖို့ တင်ပြပါတယ်"ဟု ၎င်းကပြောသည်။
ဒီဇင်ဘာ ၇ ရက်က နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ခန်းမ၌ နိုင်ငံရေးပါတီများနှင့် UEC တို့ တွေ့ဆုံဆွေးနွေးရာတွင် အထက်ပါအတိုင်း တင်ပြဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒနယ်များတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းမှုရရှိစေရန် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ကွန်းဈာန်