ရွေးကောက်ပွဲမဝင်ရန် ခြိမ်းခြောက်မှုများရှိသော်လည်း ရွေးကောက်ပွဲဝင်ရန် အသင့်ရှိကြောင်း မန်းအောင်ပြည်စိုးပြော

နေပြည်တော်၊ ဒီဇင်ဘာ ၁၈
    ရွေးကောက်ပွဲမဝင်ရန် တားမြစ်ခြိမ်းခြောက်မှုများရှိနေသော်လည်း ပါတီထောင်ထားသည့်အတွက် နိုင်ငံတော်၏ အစီအမံအတိုင်း ရွေးကောက်ပွဲဝင်ရန် အသင့်ရှိနေကြောင်း ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောသည်။ 
    "ရွေးကောက်ပွဲကတော့ တစ်ဖက်အင်အားစုတွေက ကျွန်တော်တို့ကို မဝင်ဖို့၊ ရွေးကောက်ပွဲက နစက ထွက်ပေါက်လို့ပြောတယ်။ သမာသမတ်နဲ့ ကောင်းကောင်းလုပ်နိုင်ဖို့ အကြောင်းမရှိဘူးဆိုပြီးတော့ မဝင်ဖို့တားမြစ်တဲ့သဘောမျိုး၊ ဆန့်ကျင်တဲ့သဘောမျိုးတော့ အသံကြားရတယ်။ ခြိမ်း ခြောက်မှုရှိ တယ်ဆိုတာက ခင်ဗျားတို့ ရွေးကောက်ပွဲ မဝင်နဲ့ပေါ့။ အဲဒီလိုမှိုင်းတွေ။ ကျွန်တော်တို့ဘက်ကလည်း ပါတီထောင်ထားပြီဆိုကတည်းကလုပ်မယ့် အစီအစဉ်အားလုံး UEC ရဲ့ အစီအစဉ် အားလုံးကို၊ နိုင်ငံတော်ရဲ့ အစီအစဉ်အားလုံးကို မလိုက်နာလို့ မရဘူးလေ။ ကြိုက်တာ မကြိုက်တာ၊ လက်ခံနိုင်တာ လက်မခံနိုင်တာ တစ်ပိုင်းထား။ ပါတီထောင်ပြီးပြီဆိုတော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ အစီအစဉ်ကို ကျွန်တော်တို့က လိုက်နာရမှာပဲ။ အဲဒီနှစ်ခုကတော့ သဟဇာတဖြစ်အောင်၊ ဆန့်ကျင်ဘက်နှစ်ခုကြားမှာ သဟဇာတဖြစ်အောင်တော့ ဆွေးနွေးညှိနှိုင်း ပြောဆိုကြရမယ့် သဘောတော့ ရှိတယ်။ တစ်ဖက်ကလည်း ခြိမ်းခြောက်မှု အန္တရာယ်တွေကလည်း ရှိသေးတယ်ဆိုတော့။ ထိန်းထိန်းသိမ်းသိမ်း လုပ်ရမယ်။ ကျန်တဲ့ လှိုင်းဘွဲရယ်၊ ဖာပွန်တခြမ်းကတော့ လုပ်နိုင်တာကို အကုန်လုပ်နေပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ကလည်း ပါတီထောင်ပြီးမှ ရွေးကောက်ပွဲ မဝင်လို့မှမဖြစ်တာ ရွေးကောက်ပွဲ ဝင်ရမှာပဲ။ ဆိုတဲ့အခါကျတော့ အဲဒီနှစ်ခုက ဆန့်ကျင်ဘက် ဖြစ်နေတာ။ ဆန့်ကျင်ဘက် ဖြစ်နေတော့ မတတ်နိုင်ဘူးလေ။ ကျွန်တော်တို့ကတော့ ခြိမ်းခြောက်တယ်လို့ ပြောရမှာပေါ့ဗျာ။ တိုက်ရိုက်ကြီးတော့လည်း လာတော့ မလာသေးဘူး။ စိုးရိမ်မှုစဉ်းစားရမယ့် အချက်တစ်ချက် ဖြစ်နေတော့ သတိ၊ ဝိရိယထားပြီးတော့ ဆောင်ရွက်ရမယ့်ကိစ္စလို့ ဆိုလိုတာပါ"ဟု ၎င်းကပြောသည်။ 
    ကရင်အမျိုးသား ဒီမိုကရက်တစ် ပါတီအနေဖြင့် ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေပြီဖြစ်သော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲ ကြေညာချက်ကို စောင့်ဆိုင်းနေသည့် အနေအထားဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ထပ်မံပြောဆိုသည်။ 
    "ရွေးကောက်ပွဲ ဘယ်တော့လုပ်မလဲ ဘယ်လိုစနစ်နဲ့ လုပ်မယ်ဆိုတာလည်း မသိရသေးဘူး။ ကျွန်တော်တို့ကတော့ နဂို PR စနစ်နဲ့ လုပ်မယ်ဆိုရင်လည်း PR နဲ့ ဖြစ်စေချင်တယ်။  သူတို့ဘက်ကတော့ PR နဲ့ပဲ ဖြစ်ဖြစ်၊ FPTP နဲ့ပဲဖြစ်ဖြစ် သူတို့နှစ်မျိုးလုံးအတွက် ပြင်ဆင်ထားပါတယ်ဆိုတဲ့ ပုံစံမျိုးတော့ သူတို့ပြောထားတယ်။ အချိန်မီအခါမီတော့ သူတို့ အသိပေးပါလိမ့်မယ်။ ရွေးကောက်ပွဲလုပ်မယ်ဆိုရင်တော့ ပြင်ဆင်ထားတယ်။ ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ ကြေညာချက် တရားဝင်ထွက်တဲ့အခါကျရင် ကျွန်တော်တို့ သေချာပြင်ဆင်ရမယ်။ အခြေအနေအရ ကျွန်တော်တို့ ပြည်နယ်မှာက ဘယ်နေရာတွေ လုပ်မလဲ။ ဘယ်လို လုပ်မလဲဆိုတာလည်း မသိရသေးတဲ့အခါကျတော့ ပြင်ဆင်ဖို့က စဉ်းစားနေတုန်းပဲ ဖြစ်နေတယ်။ ဒါပေမဲ့ ဖြစ်လာပြီဆိုရင်လည်း တတ်နိုင်သလောက် ဆောင်ရွက်မယ်ဆိုတဲ့ အနေအထားတော့ လုပ်ထားပါတယ်။ စည်းရုံးရေး ကောင်းကောင်းလုပ်လို့ရတဲ့ မြို့နယ်ကတော့ ဘားအံတို့၊ လှိုင်းဘွဲတို့တောင် နည်းနည်းသတိထားရမယ်။ အဲဒီနှစ်မြို့နယ် သတိထားပြီးတော့ လုပ်ရမှာပေါ့။ ကောင်းကောင်းရယ်လို့တော့ ရာနှုန်းပြည့်ပြောလို့မရဘူး။ ကျန်တဲ့ မြို့နယ်တွေကတော့ ကောင်းကောင်း မရသေးဘူး။ ဘားအံနဲ့ လှိုင်းဘွဲနှစ်မြို့နယ် ရှိမယ်။ ဖာပွန်ဘက်တစ်ခြမ်းပေါ့။ ကရင်ပြည်နယ်အတွင်းမှာ လက်နက်ကိုင် ပဋိပက္ခက အခုတလော အသံဗလံတွေ နည်းနည်းလေး ငြိမ်သက်နေတဲ့ သဘောမျိုးတော့ ရှိတယ်။ ကြိုးကြားကြိုးကြားလောက်ပဲ ကြားတော့တယ်။ သိပ်ကြီးကြီးမားမား ထွက်လာတာမရှိဘူး။ လောလော ဆယ် အသံဗလံတွေ နည်းနည်း တိတ်ဆိတ်နေတဲ့ သဘောတော့ ရှိပါတယ်"ဟု ၎င်းကဆိုသည်။ 
    ဒီဇင်ဘာ ၇ ရက်က နေပြည်တော်တွင် UEC နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံမှု မတိုင်မီကတည်းက ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီအနေဖြင့် ပါတီ (UEC) အစည်းအဝေးထိုင်ကာ တကွဲတပြား ဖြစ်နေသည့် မြို့နယ်အဆင့်က ပါတီအလုပ်အဖွဲ့များကို ပြန်လည်စုစည်းရန်ဆုံးဖြတ်၍ တာဝန်ပေးထားကြောင်း သိရသည်။  
    ထို့အပြင် လက်နက်ကိုင်ပဋိပက္ခကြောင့် ထိခိုက်မှုရှိခဲ့သည့် ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြဝတီအစရှိသည့် မြို့နယ်များကို ပြန်လည်ဖွဲ့စည်းညှိနှိုင်းကြရန် ဆောင်ရွက်ထားပြီး အဆိုပါ မြို့နယ်များတွင် ရွေးကောက်ပွဲ ပြုလုပ်နိုင်ခြေ ရှိ၊ မရှိ မသိရသေးသည့်အတွက် တစ်နိုင်တစ်ပိုင် ပါတီ လုပ်ငန်းများ ဆောင်ရွက်ထားကြောင်း သိရသည်။   ကွန်းဈာန်

Total Views ~ 121

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43067

© 2022 - 2025 News. All Rights Reserved.