ရန်ကုန်၊ ဒီဇင်ဘာ ၂၅
ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေဖြင့် ကျပ် ၁၁၁၃၉ ဒသမ ၉၃ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ သတင်းထုတ် ပြန်ချက်အရ သိရသည်။
ပြည်ထောင်စုရန်ပုံငွေဖြင့် မြေလမ်း ၆၉ မိုင် လေးဖာလုံ၊ အာမခံလမ်း ၁၃ မိုင် လေးဖာလုံ၊ ကျောက်လမ်း ၂၁ မိုင် သုံးဖာလုံ၊ ကတ္တရာလမ်း နှစ်မိုင် လေးဖာလုံ၊ ကတ္တရာထပ်ပိုးလွှာ ရှစ်မိုင် ခြောက်ဖာလုံ၊ ကွန်ကရစ်လမ်း သုံးမိုင် နှစ်ဖာလုံ၊ ကွန်ကရစ်တံတား ငါးစင်း၊ Box Culvert ၁၂၄ စင်း၊ ကျောက်တောင် မိုင်းခွဲခြင်း လုပ်ငန်းနှစ်ခု၊ အဝီစိတွင်း တူးဖော်ခြင်းလုပ်ငန်း တစ်တွင်း၊ သာသနာရေးလုပ်ငန်း ခြောက်ခု၊ စိုက်ပျိုးရေ ရရှိရေး လုပ်ငန်းငါးခု၊ ဆိုလာ ၉၄ စုံနှင့် ဦးစီးဌာနလုပ်ငန်း ခြောက်ခုတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တစ်နိုင်ငံလုံး အကြားအလပ်မရှိ တောင်တန်းမြေပြန့် မခွဲခြားဘဲ စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွင်း ဟိုပုံးမြို့နယ် ပုံးအယ်လမ်းခွဲမှ နမ့်ပေါ်ချော-ဟိုနား-နောင်မိုင်းပွန်-နားလော-လီမော လမ်းခွဲအထိ ၁၅ မိုင်အနက် ငါးမိုင် မြေသားလမ်း ဖောက်လုပ်ခြင်းနှင့် ငါးပေ Box Culvert ၁၀ စင်း တည်ဆောက်ခြင်း လုပ်ငန်းများကို ခွင့်ပြုရန်ပုံငွေကျပ် ၃၂၉ ဒသမ ၄၇၆ သန်းဖြင့် ဆောင်ရွက်နေမှုကို ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ လုပ်ငန်းများ ၉၅ ရာခိုင်နှုန်း ဆောင် ရွက်ပြီး စီးနေပြီဖြစ်ကြောင်း သိရသည်။ နဒီ